မြေလွတ် မြေလပ်မြေရိုင်း ဥပဒေကို ချင်း တစ်ပြည်နယ်လုံးမှာ ကန့်ကွက်မယ့်လှုပ်ရှားမှု

0:00 / 0:00

မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်း စီမံခန့်ခွဲမှုဥပဒေကို ဆန့်ကျင့်တဲ့ လှုပ်ရှားမှုကို ဒီနေ့ကစပြီး ချင်း တစ်ပြည်နယ်လုံးမှာ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ချင်းမြေယာဆိုင်ရာကွန်ယက်က ဟားခါးနဲ့ တွန်းဇံမြို့တွေမှာ "မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်း မရှိ" ဆိုတဲ့ ပိုစတာတွေ ဒီနေ့ လိုက်ကပ်ပြီး လှုပ်ရှားမှု စတင်လိုက်တာဖြစ်ပါတယ်။

အဲဒီ မြေလွတ်မြေလပ်မြေရိုင်းဥပဒေဟာ ချင်းပြည်နယ်မှာရှိတဲ့ ဓလေ့ထုံးစံနဲ့ သဟဇာတ မဖြစ်တာကြောင့် ကန့်ကွက်နေတာဖြစ်တယ်လို့ ချင်းမြေယာဆိုင်ရာကွန်ယက်က ကိုလျန်ဘွဲက RFA ကို ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာ ချင်းပြည်နယ် ဟားခါးမြို့နဲ့ တွန်းဇံမြို့ရဲ့ လူစည်ကားတဲ့နေရာတွေ၊ လမ်းဆုံတွေမှာ မြေ- ရောင်းကုန်မဟုတ်ပါ၊ ချင်းပြည်နယ်မှာ မြေလွတ်၊ မြေလပ်၊ မြေရိုင်းမရှိ၊ ဘိုးဘွားပိုင်မြေသာရှိသည် ဆိုတဲ့ ပိုစတာတွေကို လိုက်ကပ်ပြီး လှုပ်ရှားမှု စတင်လိုက်တာဖြစ်ပါတယ်။

အဲဒီလှုပ်ရှားမှုကို ဒီနေ့ကစပြီး ဖေဖော်ဝါရီ ၂၀ အထိ လုပ်ဆောင်သွားကြမှာလို့ ချင်းမြေယာဆိုင်ရာကွန်ယက်ကနေ သိရပါတယ်။

ချင်းပြည်နယ် ဓလေ့အရ ဘိုးဘွားတွေကနေ အဆင့်ဆင့် အမွေပေးခဲ့ကြတာဖြစ်ပြီး တောင်သူတွေရဲ့ ပိုင်ဆိုင်မှုကိုလည်း ကျေးရွာဓလေ့အရ သတ်မှတ်ထားကြတာလို့ သိရပါတယ်။ ဥပဒေအရ မြေယာပိုင်ဆိုင်မှု လျှောက်ထားလိုက်တာနဲ့ တောင်သူတွေရဲ့ ပိုင်ဆိုင်မှုကို ထိခိုက်လာနိုင်တာကြောင့် အခုလို ကန့်ကွက်ကြတာဖြစ်ပါတယ်လို့ ဦးမာန်တပ် က ပြောပါတယ်။

"ကျွန်တော်တို့ ရှေးအစဉ်အဆက်၊ ဘိုးဘွာအစဉ်အဆက် ပိုင်ဆိုင်လာတဲ့အရာဟာ ပုံစံ ၇ လုပ်လိုက်တဲ့အချိန်မှာ အစိုးရမြေ ဖြစ်သွားတယ်လေ။ ကျွန်တော်တို့က အငှားမြေ ပြန်ဖြစ်သွားတယ်လေ။ တိုင်းရင်းသားတွေအနေနဲ့ လုံးဝလက်မခံတဲ့ အချက်ပါ။ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဆိုပြီးတော့မှ စီမံကိန်းအကြီးကျယ် ချချင်ကြတယ်။ ဒါကျွန်တော်တို့ တိုးတက်မှုအတွက် လုံးဝမဟုတ်ပါဘူး။ အစိုးရက မြေသိမ်းပြီးတော့မှ အစိုးရနဲ့ လုပ်ငန်းရှင်၊ ကုမ္ပဏီပိုင်ရှင်တွေက မြေပိုင်ချင်တဲ့ စိတ်ဓာတ်ပါ။ အဲဒါကြောင့် ကျွန်တော်တို့ လုံးဝကန့်ကွက်ပါတယ်"

ချင်းပြည်နယ်မှာ ဓလေ့ထုံးတမ်းအစဉ်အလာအရ ရွှေ့ပြောင်းတောင်ယာစနစ်မှာဆိုရင် ၃ နှစ်လောက် စိုက်ပျိုးထားတဲ့မြေဟာ မြေဆီမြေနစ် ကုန်သွားတာဖြစ်တဲ့အတွက် ၃ နှစ်လောက်အနားပေးထားပြီး အဲဒီအချိန်မှာ တခြားနေရာမှာ စိုက်ပျိုးတာဖြစ်ပါတယ်။

အဲဒါကြောင့် တကယ်တမ်း လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ ၇ လျှောက်ထားတဲ့အခါမှာ လက်ရှိစိုက်ပျိုးနေတဲ့ မြေသာ အကျုံးဝင်တာဖြစ်ပြီး အနားပေးထားတဲ့ မြေမပါဝင်တာကြောင့် ဒေသဓလေ့ထုံးစံနဲ့ မကိုက်ညီဘူးလို့ ကန်ပက်လက်မြို့က တောင်သူ ဦးစိုင်းလိန်းက ပြောပါတယ်။

"ကျွန်တော်တို့ ပိုင်ဆိုင်တာကတော့ အများကြီးပေါ့။ ကျွန်တော်တို့လုပ်နေတဲ့ ဧကဝက်ကိုပဲ ပုံစံ ၇ ပေးချင်တဲ့အခါကျတော့ ဒီပုံစံ ၇ ကို ကျွန်တော်တို့က လက်လည်းမခံဘူး။ အရင်ဘိုးဘွားဘီဘင်ကတည်းက အမွေစား အမွေခံဆိုပြီးတော့ ပေးထားခဲ့တဲ့အမွေကို မပိုင်ဆိုင်ရလောက်တဲ့အထိ အစိုးရက တစ်ဘက်ကနေ ခြိမ်းခြောက်တယ်လို့ ခံယူတယ်"

ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးရွှေထီးအိုးကတော့ RFA ကို အခုလိုပြောပါတယ်။

"ဘိုးဘွားပိုင်ဆိုတာက မြေခွန်၊ မြေခ၊ အခွန်အခတွေ သွင်းထားတယ်ဆိုရင်တော့ ဒါက သူတို့ပိုင်တယ်။ မြေခွန်မြေခ တစ်နှစ်ပတ်လုံး မသွင်းဘူးဆိုရင် သူတို့အပိုင် မဟုတ်ဘူးခင်ဗျ။ ဒါက သူတို့လည်း အများကြီးအသိလိုတယ်။ ကျွန်တော်တို့လည်း ရှင်းပြဖို့လိုပါတယ်။ ဥပဒေအတိုင်းပဲ ဆောင်ရွက်မှာပါ။ ဥပဒေပြင်ပမှာ ဘယ်သူမှမရှိဘူး။ တောင်သူလည်း မရှိစေရဘူး။ အစိုးရလည်း မရှိစေရဘူး"

အဲဒီဥပဒေမှာ ပါရှိတဲ့အချက်တွေဟာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ ဓလေ့ထုံးစံအရ စီမံခွင့်တွေကို အသိအမှတ်မပြုဘဲ တစ်ဖက်သတ်ရေးစွဲထားတဲ့ ဥပဒေဖြစ်တဲ့အပြင် လယ်ယာမြေလုပ်ကိုင်သူတွေကို ကျုးကျော်နေထိုင်၊ စိုက်ပျိုးတဲ့သူတွေအဖြစ် သတ်မှတ်ရာ ရောက်တယ်ဆိုပြီး လူမှုအဖွဲ့အစည်းတွေက ကန့်ကွက်နေတာဖြစ်ပါတယ်။

အဲဒီဥပဒေကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၁ မှာ ပြဌာန်းခဲ့ပြီး ၆ လအတွင်း သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီတွေမှာ လုပ်ပိုင်ခွင့် လျှောက်ထားရမှာဖြစ်တယ်လို့ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီက ထုတ်ပြန်ထားတာပါ။

လာမယ့် မတ်လ ၁၁ ရက်နေ့မှာ ၆ လပြည့်တော့မှာဖြစ်ပါတယ်။ ချင်းပြည်နယ်က တောင်သူတွေကတော့ ဘိုးဘွားပိုင်မြေသာရှိပြီး မြေလွတ်မြေရိုင်းမရှိတာကြောင့် အဲဒီဥပဒေကို ကန့်ကွက်တဲ့အနေနဲ့ မြေယာပိုင်ဆိုင်ခွင့် မလျှောက်ဘူးလို့ ဆုံးဖြတ်ထားကြပေမယ့် ချင်းပြည်နယ်အစိုးရကတော့ မြေယာပိုင်ဆိုင်မှုတွေကို ဥပဒေအတိုင်းသာ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်ရှင်။

(RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့သည်)