မောင်တောဒေသ ဥပဒေမဲ့မှု စစ်ဆေးဖို့ ကုလတောင်းဆို
2016.10.25
အကျဉ်းရုံးကွပ်မျက်မှုဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Agnes Callamard ကို တွေ့ရစဉ်
ရခိုင်ပြည်နယ် မောင်တောဒေသမှာ မြန်မာတပ်ဖွဲ့တွေက အရပ်သားတွေကို သတ်ဖြတ်ပြီး ရွာတွေကို မီးရှို့ခဲ့တယ်ဆိုပြီး ပေါ်ထွက်နေတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။
အကျဉ်းရုံးကွပ်မျက်မှုဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Agnes Callamard အက်ဂ်နက်စ် ကလမာ့ဒ် က အိမ်တွေ ဗလီတွေကို မီးရှို့ပြီး ဒေသခံမွတ်စလင်တွေကို ဝိုင်းဝန်းပိတ်ဆို့ သတ်ဖြတ်နေတယ်လို့ ကြားရတဲ့အတွက် စိုးရိမ်ထိတ်လန့်မိကြောင်းနဲ့ လူတဦးကိုသံသယရှိတယ်ဆိုပြီး လက်လွတ်စပယ် ပစ်သတ်နေတဲ့ကိစ္စမျိုးကို လက်မခံနိုင်ကြောင်း တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။ မြန်မာစစ်တပ်က အဲဒီလို ဥပဒေမဲ့ပြုကျင့်နေတယ် ဆိုတာကို သက်သေပြဖို့ခက်ပေမယ့် သတင်းတွေကို ထပ်တလဲလဲကြားနေရတယ်လို့လည်း သူမက ပြောပါတယ်။
ဒီအတောအတွင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ယန်ဟီးလီက လည်း မောင်တောဒေသမှာ အစိုးရတပ်ဖွဲ့တွေက အကြောင်းမဲ့ ဖမ်းဆီးမှုတွေနဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုတွေ ပြု လုပ်နေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေကို မိမိရရှိနေကြောင်းနဲ့ သတင်းတွေကို အတည်ပြုစစ်ဆေးနိုင်ခြင်း မရှိတဲ့အတွက် အခက်တွေ့နေတယ်လို့ ပြောဆိုကြောင်း ဂျနီဗာကလာတဲ့ ရိုက်တာ သတင်းမှာ ပါရှိပါတယ်။









