ပခုက္ကူမြို့က လမ်းချဲ့ဖို့ မလွတ်တဲ့ သစ်ပင် ၂၀ ကို မခုတ်တော့ဖို့ သဘောတူ


2019.05.18
tamar-tree-pakokku-622.jpg မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ပခုက္ကူ-ပေါက်လမ်းက နှစ်ရှည်ပင်ကြီးများရှိရာနေရာများတွင် ၂၀၁၉၊ မေ ၁၇ ရက်နေ့က ခုတ်လှဲရန်စီစဉ်နေခြင်းနှင့် ပတ်သက်ပြီး ကန့်ကွက်ကြောင်း လက်မှတ်များ ကောက်ခံနေစဉ်
ဓါတ်ပုံ - ပြည့်ဖြိုးကျော်

ပြီးခဲ့တဲ့ ရက်ပိုင်းက လူမှုကွန်ရက်မှာ ဝေဖန်မှုတွေရှိခဲ့တဲ့ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ပခုက္ကူ-ပေါက်လမ်းက မြို့မလမ်းချဲ့ဖို့အတွက် မလွတ်တဲ့ နှစ်ရှည်သစ်ပင် ၂၅ ပင်ထဲက အပင် ၂၀ ကို မခုတ်တော့ဖို့ ဒေသခံတွေနဲ့ အစိုးရတာဝန်ရှိသူတွေ ဒီနေ့အစည်းအဝေးကျင်းပပြီး သဘောတူဆုံးဖြတ်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ကျန်တဲ့ အပင် ငါးပင်ကိုလည်း လာမယ့် တနင်္လာနေ့မှာ ကွင်းဆင်းလေ့လာပြီး ခုတ်သင့်၊ မသင့် ဆုံးဖြတ်သွားမယ်လို့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ဒေသခံ ဦးမင်းသန့်စင်က ပြောပါတယ်။

ဒီနေ့မနက်က ပခုက္ကူမြို့နယ် မြို့မလမ်းချဲ့တဲ့ စီမံကိန်းနဲ့ပတ်သက်ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ဒေသခံပြည်သူတွေနဲ့ လမ်းတံတားဦးစီးဌာနက တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးကြပြီး အခုလို သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။

လမ်းနဲ့မလွတ်လို့ဆိုပြီး ခုတ်ဖို့ရည်ရွယ်ထားတဲ့ အနည်းဆုံးသက်တမ်း ၇၀ ရှိတဲ့ တမာပင်တွေကို ပြီးခဲ့တဲ့ မေ ၁၅ ရက် လောက်ကစပြီး အနီရောင်ကြက်ခြေခတ် အမှတ်သားတွေ ရေးဆွဲခဲ့ကြတာဖြစ်ပါတယ်။

ပခုက္ကူမြို့မှာရှိတဲ့ သစ်ပင်ချစ်သူ သုံးထောင်လောက်က သစ်ပင်တွေကို မခုတ်ကြဖို့ ကန့်ကွက်လက်မှတ်ရေးထိုး တောင်းဆိုတာတွေရှိတာကြောင့် အစည်းအဝေး ကျင်းပပြီး အခုလို အပင် ၂၀ ကျော်ကို မခုတ်တော့ဖို့ ဆုံးဖြတ်လိုက်ကြတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။