နေရပ်စွန့်ခွာထွက်ပြေးသူတွေအတွက် အကူအညီတွေ ပေးအပ်
2017.10.15

ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးနေသူတွေအတွက် အာဆီယံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေး ဗဟိုဌာန AHA နဲ့ ဂျပန်နိုင်ငံတို့ ပူးပေါင်းလှူဒါန်းတဲ့ အမေရိကန်ဒေါ်လာ ၄သိန်းခွဲနီးပါးတန်ဖိုးရှိ တဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနထံ ဒီနေ့ ပေးအပ်လိုက်ပါတယ်။
လက်ခံရရှိတဲ့ ပစ္စည်းတွေကို ရခိုင်ပြည်နယ်အစိုးရဆီ တိုက်ရိုက်ပေးပို့ပြီး လိုအပ်တဲ့နေရာတွေကို ပေးပို့သွားမှာ ဖြစ် တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာန ရန်ကုန်တိုင်း ဦးစီးမှူး ဦးဝင်းရွှေ က ပြောပါတယ်။
"ဒီကနေပြီးတော့ ကျနော်တို့ ကုန်တင်ကားနဲ့သွားတာသည် စစ်တွေကို အနည်းဆုံး ၃ ရက်စွန်းစွန်းပေါ့ ဒီလောက်ဆိုရင် ကျနော်တို့ ရောက်နိုင်တယ်ပေါ့နော်၊ စစ်တွေကို ရောက်ရှိတဲ့အခါ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ကျနော်တို့ရဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး လည်း မနက်ဖြန်ဆိုလို့ရှိရင် ရခိုင်ပြည်နယ်ကို သွားမယ်ပေါ့နော်၊ AHA စင်တာက တာဝန်ရှိသူတွေလည်း သွားမယ်၊ သွားပြီးတော့မှ သူတို့တွေပူးပေါင်းပြီး တကယ်လိုအပ်တဲ့နေရာတွေ ခန့်ခွဲနိုင်ဖို့ ဆောင်ရွက်မှာပါခင်ဗျ"
ထောက်ပံ့ရေးပစ္စည်းတွေကို လေယာဉ် ၂စင်းနဲ့ သယ်ဆောင်လာတာဖြစ်ပြီး မိသားစုသုံး ရွက်ဖျင်တဲ၊ မီးဖိုချောင်သုံး ပစ္စည်းတွေ၊ မီးစက် ၊ အလူမီနီယံစက်တပ်လှေ၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းစုံ နဲ့ အခြားမိသားစုသုံး ပစ္စည်းတွေ ပါဝင်ပါတယ်။
အာဆီယံဒေသအတွင်းက ဒုက္ခသည်တွေကို အဓိကကူညီတဲ့ အာဆီယံလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေး ဗဟိုဌာန (AHA) ကို အာဆီယံ ၁၀နိုင်ငံနဲ့ ဖွဲ့စည်းထားပြီး အင်ဒိုနီးရှားနိုင်ငံမှာ အခြေစိုက်တာ ဖြစ် ပါတယ်။
ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူတွေအတွက် လူတိုင်း ပါဝင် လှူဒါန်းနိုင်ဖို့အတွက် မြန်မာ့စီးပွားရေးဘဏ်မှာ အစိုးရက ဘဏ်အကောင့်တစ်ခု ဖွင့်ထားပြီး ရန်ကုန်၊ နေပြည်တော်၊ မန္တလေး တို့မှာ အလှူငွေကို လက်ခံနေပါတယ်။ ရန်ကုန်မြို့မှာဆိုရင် ဒီကနေ့အထိ ရရှိတဲ့ အလှူငွေ သိန်းပေါင်း ၄ထောင် နီးပါးရရှိထားပြီဖြစ်တယ်လို့ သိရပါတယ်။