နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ AI အဖွဲ့တောင်းဆို
2016.04.08
ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ မတ်လ ၂၄ ရက်နေ့က အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ သတင်းစာရှင်းလင်းစဉ်
မြန်မာနိုင်ငံမှာ ဆန္ဒပြကျောင်းသားတွေကို လွှတ်ပေးလိုက်တာဟာ လူ့အခွင့်အရေးတိုးတက်မှုအတွက် ပထမခြေလှမ်းဖြစ်ပြီး၊ NLD အစိုးရသစ်အနေနဲ့ ကျန်ရှိနိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးနဲ့ မတရားသဖြင့် ဖမ်းဆီးဖိနှိပ်နေတဲ့ ဥပဒေတွေ ပြုပြင်ပယ်ဖျက်ရေးတို့ကို ဆက်လက်လုပ်ဆောင်သွားဖို့ လိုအပ်ကြောင်း Amnesty Int’l (AI) လို့ ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
ဆန္ဒပြကျောင်းသားတွေ လွတ်မြောက်လာမှုဟာ မြန်မာနိုင်ငံမှာ နှစ်ရှည်လများ တဝဲလည်လည်ရှိနေခဲ့တဲ့ နိုင်ငံရေးအရ ဖမ်းဆီးအကျဉ်းချမှုတွေ အဆုံးသတ်သွားအောင် ဆောင်ရွက်ဖို့ စိတ်ဆန္ဒရှိလာအောင် အစိုးရသစ်ကို ပြင်းပြင်းထန်ထန် အချက်ပေးလိုက်တာဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာကျွမ်းကျင်သူ Laura Haigh က ပြောပါတယ်။
မိမိတို့အဖွဲ့အနေနဲ့ တရားရင်ဆိုင်နေရသူတွေအပါအဝင် ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူအားလုံး လွတ်မြောက်လာတဲ့အထိ စောင့်ကြည့်နေတယ်လို့လည်း ပြောပါတယ်။ ဒါ့ပြင် အစိုးရသစ်အနေနဲ့ လွတ်မြောက်လာသူတွေကို ကူညီထောက်ပံ့ပေးဖို့၊ သူတို့ရဲ့ဘဝတွေကို ပြန်လည်ထူထောင်ပေးဖို့ လိုအပ်ကြောင်းလည်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။









