စစ်ကိုင်းမှာ လေကြောင်းက တိုက်ခိုက်လို့ ကလေးတစ်ဦး အပါအဝင် ‌လေးဦးသေဆုံး

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် တလိုင်းရွာကို ဩဂုတ်လ ၁၁ ရက် ဒီနေ့မနက် အစောပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ ရှစ်လသားအရွယ် ကလေးတစ်ဦး အပါအဝင် အရပ်သားလေးဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနက် ၄ နာရီလောက်မှာ အင်အား ၈၀ လောက်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက တလိုင်းရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်သလို လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

လေကြောင်းက ကြဲချခဲ့တဲ့ ဗုံးတစ်လုံးက စစ်ဘေးဒုက္ခသည်တွေ နေထိုင်နေတဲ့ တလိုင်းရွာ ဘုန်းကြီးကျောင်းဝင်းထဲကို ကျရောက်ပေါက်ကွဲခဲ့လို့ ရဟန်းတစ်ပါး အပါအဝင် ရှစ်လသားအရွယ် ကလေးတစ်ဦး၊ အသက် ၂၃ နှစ်နဲ့ ၆၅ နှစ်အရွယ် အမျိုးသမီးနှစ်ဦး စုစုပေါင်း လေးဦးသေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနက် ၄ နာရီလောက် စစ်ကြောင်းထွက်လာပြီးတော့ တလိုင်းရွာထဲကို ဝင်တာလေ။ ဝင်တဲ့အချိန် လေယာဉ်က ဝဲပြီးတော့ တစ်ချက်ထုသွားတယ်။ ဂျက်ကပစ်တဲ့ဟာက ဘုန်းကြီးကျောင်း မုခ်ဦးပေါက်မှန်ပြီးတော့ ဒဏ်ရာရတဲ့သူရ၊ သေတဲ့သူက သေပေါ့။ ပစ်ပြီးဝင်စီးတော့ ပြည်သူတွေလည်း မိတာရှိတာပေါ့၊ မနက်အစော တကယ့်အချိန်ကို ဝင်စီးတာ။ တိုက်ပွဲဖြစ်တာ မဟုတ်ဘူး”

ဒဏ်ရာရသူ ၁၀ ဦးခန့်ရှိပြီး ရွာထဲကို စစ်ကြောင်းဝင်ရောက်စဉ် ဖမ်းဆီးခံထားရတဲ့ အရပ်သား အယောက် ၂၀ ခန့်ရှိလည်း ဒီနေ့ နေ့လယ်ပိုင်းထိ ပြန်လွတ်လာတာ မရှိသေးဘူးလို့ သူကဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကြောင်းဟာ တလိုင်းရွာက ပြန်ထွက်ပြီး ကျောင်းဖြူရွာမှာ အထိုင်ချတပ်စွဲထားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“တလိုင်းရွာကအထွက် ဘုန်းကြီးကျောင်းဘက်ကို ပခုံးထမ်းနဲ့ နှစ်ချက်ထပ်ပစ်သွားတယ်။ ဒီအတိုင်းဆိုရင် တိုက်ပွဲကဖြစ်မယ့် အခြေအနေရှိတယ်။ ဟိုဘက် စဉ့်ကိုင်ရွာဘက် လည်း ရောက်နေတာတွေရှိတော့လေ။ အခုထိတော့ အိမ်မီးရှို့တာတွေတော့ မတွေ့မိသေးဘူး”

စစ်ကြောင်းဝင်ရောက်လာတာကြောင့် တလိုင်းရွာအပါအဝင် ကျောင်းဖြူ၊ စဉ့်ကိုင်၊ ခက်ခ (အရှေ့)၊ ခက်ခ (အနောက်) စတဲ့ အနီးအနား ရွာတွေက အရပ်သား ခြောက်ထောင်ကျော် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးစောနိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

၂၀၂၃ခုနှစ် ဇူလိုင် ၂ ရက်နေ့ကလည်း စစ်ကိုင်းမြို့နယ်၊ တလိုင်းရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းစဉ် ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့ဝင် ငါးဦး အသတ်ခံရပြီး၊ နေအိမ် ၁၀၀ ခန့်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက ဒေသခံ ရှစ်သိန်းနီးပါး (၇၇၈၉၀၀ ဦး) နေရပ်စွန့်ခွာ ထွက်ပြေးနေရ ပါတယ်။