ဖရူဆိုမှာ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကလေး သုံးဦးဒဏ်ရာရ

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်အခြမ်းက ကျေးရွာတစ်ခုကို သြဂုတ်လ ၂၃ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီဘက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် သုံးဦး ထိခိုက်ဒဏ်ရာရသွားပြီး နေအိမ်တစ်လုံး လက်နက်ထိမှန် ပျက်စီးသွားတယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF က ဩဂုတ်လ ၂၄ ရက်နေ့ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ဖရူဆိုအခြေစိုက် အမှတ်(၁၄) တန်းမြင့်လေ့ကျင့်ရေးကျောင်းကနေ ဒရုန်းနဲ့ အခုလို တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် အသက် ရှစ်နှစ်၊ ကိုးနှစ်နဲ့ ဆယ်နှစ်အရွယ် ကလေးသုံးဦး ထိခိုက် ဒဏ်ရာရခဲ့ပြီး တစ်ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အခုဗုံးကြဲခံရတဲ့နေရာဟာ အရပ်သားပြည်သူတွေ အများစု နေထိုင်နေတာဖြစ်ပြီး တိုက်ပွဲဖြစ်တာမရှိဘူးလို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါပေမဲ့ ဗုံးကြဲတိုက်ခိုက် ခံရတဲ့ ကျေးရွာအမည်ကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ မရှိပါဘူး။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမြင့်ကြည်ကို RFA က ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံ ဖြေဆိုတာမရှိပါဘူး။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားကတော့ ဖရူဆိုမြို့နယ်အတွင်း စစ်ကောင်စီက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာ မှန်ကန်တယ်လို့ ပြောပါတယ်။

"ဟုတ်ပါတယ် မနေ့ ဖြစ်စဉ်မှာ သူတို့ Drop Bomb သုံးခဲ့တယ်ဆိုတာ အတည်ပြုလို့ ရပါတယ်။ ဒီနှစ်ဦးပိုင်းကနေစပြီး သူတို့တိုက်ပွဲတွေမှာ ဒရုန်းတွေကို စပြီးသုံးလာတာ ပေါ့နော်။ ဖရူဆို အနောက်ဘက်အခြမ်းမှာလည်း တစ်ခါဖြစ်ဖူးသေးတယ်"

ကယားပြည်နယ်အတွင်းက ဒီးမော့ဆိုနဲ့ ဖရူဆိုလမ်းပိုင်းမှာ သြဂုတ်လ ၂ ရက်နေ့ကစပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီကာကွယ်ရေးတပ်ဖွဲ့တွေကြား သြဂုတ်လ ၂၃ ရက်နေ့အထိ တိုက်ပွဲတွေ နေ့စဉ်နီးပါးဖြစ်နေတယ်လို့ KNDF ဘက်က ပြောပါတယ်။

သြဂုတ်လ ၂၃ ရက်နေ့ မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်က ဖရူဆိုမြို့နယ် ရွာသစ်ကျေးရွာအနီးကို လေကြောင်းကနေ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ ဖရူမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ ဩဂုတ်လ ၁ ရက်နေ့ နောက်ဆုံး ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲနဲ့ ကယားပြည်နယ် အတွင်းမှာ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ဇူလိုင်လ ၃၁ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ကရင်နီကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲပေါင်း ၇၆၆ ကြိမ် ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၅၇၂ ကြိမ် အထိပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။