ညောင်လေးပင်ခရိုင်မှာ တစ်လအတွင်း တိုက်ပွဲ ၉၆ ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNU ပြော

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်မှာ ပြီးခဲ့တဲ့ ဇူလိုင်လတစ်လအတွင်း တိုက်ပွဲ ၉၆ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသား အစည်အရုံး KNU ဗဟိုက ဩဂုတ် ၁၁ ရက်နေ့ သတင်းထုတ်ပြန်ပါတယ်။

KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ပူးပေါင်းတပ်ရင်းတွေနဲ့ စစ်ကောင်စီတပ် အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲကာလအတွင်း နှစ်ဘက်ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ RFA က သီးခြား အတည်မပြုနိုင်သေးပါဘူး။

တိုက်ပွဲတွေကြောင့် ဇူလိုင် ၁ ရက်က ၁၄ ရက်နေ့အထိ ပထမသီတင်းနှစ်ပတ်အတွင်းမှာ တင် ဒေသခံ ၁၄,၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ KNU ဗဟိုက ဇူလိုင် ၁၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

တစ်လကြာတိုက်ပွဲကာလအတွင်းမှာတော့ အရပ်သား ၂၄ ဦး ဖမ်းဆီးနှိပ်စက်ခံရပြီး ငါးဦး သေဆုံးခဲ့တယ်လို့လည်း ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့်လည်း နေအိမ် ၆၁ လုံး ထိခိုက် ပျက်စီးခဲ့ပြီး အရပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က KNU ထိန်းချုပ်နယ်မြေ ခုနစ်ခုကို စစ်အင်အားတစ်သောင်းကျော်နဲ့ ထိုးစစ်ဆင်နေတာလို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက RFA ကို ဩဂုတ်လ ၆ ရက်နေ့မှာ ပြောထားပါတယ်။

စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကတော့ ညောင်လေးပင်ခရိုင်အတွင်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ချိန်မှာ လက်နက်ကိုင်အဖွဲ့တွေက ပစ်ခတ်ထွက်ပြေးတာလောက်ပဲရှိတယ်လို့ RFA ကိုပြောပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံတပ်တွေအကြား တိုက်ပွဲပေါင်း တစ်သောင်းကျော်ဖြစ်ပွားခဲ့ပြီး ဒေသခံ ခြောက်သိန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။