ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ရော လေကြောင်းကပါ ပစ်ခတ်တဲ့အတွက် လေးလအတွင်း အရပ်သား ၁၁ ဦး သေဆုံးရတယ်လို့ ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေး ကော်မတီက သတင်းထုတ်ပြန်ပါတယ်။
ဒီနှစ် မေလကနေ ဩဂုတ်လ ၁၅ ရက်နေ့အထိ လေးလအတွင်း ကျောက်ကြီးမြို့နယ်ကို လေကြောင်းက ၃၃ ကြိမ်နဲ့ လက်နက်ကြီးနဲ့ ၃၇ ကြိမ် ပစ်ခတ်တဲ့အတွက် နေအိမ် အလုံး ၂၀ ပျက်စီးခဲ့ပြီး ဒေသခံ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ ဆိုပါတယ်။
မီးရှို့သတ်ဖြတ်ခံရသူက သုံးဦး၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရသူက နှစ်ဦးရှိပြီး ကျေးရွာ ၁၀ ရွာက လူ ၈၀၀၀ လောက်ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။
ဒီစာရင်းတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ဘဲ ပဲခူးတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့် ရှိသူ ဦးတင်ဦးကို ဆက်သွယ်ပေမယ့် ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။
ကျောက်ကြီးမြို့နယ်အတွင်းက ကျေးရွာ ၈ ရွာက လူ နှစ်ထောင်နီးပါးဟာ စစ်ကောင်စီက စစ်ကြောင်းထိုးလို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရပြီး သူတို့ခိုအောင်းတိမ်းရှောင်တဲ့နေရာတွေမှာ ရေလွှမ်းမိုးတဲ့အတွက် ရေဘေးပါသင့်ရတယ်လို့ ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေး ကော်မတီက ပြောပါတယ်။
ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ပူးပေါင်းတပ်တွေ ဇူလိုင် ၂၅ ရက်နေ့ကစလို့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။