နွားထိုးကြီးမှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား သုံးဦး သေဆုံး

RFA Burmese
2024.09.19
နွားထိုးကြီးမှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား သုံးဦး သေဆုံး ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ ကွမ်းအုံရွာဘုန်းကြီးကျောင်း ကို တွေ့ရစဥ်။
Facebook/ နွားထိုးကြီး-Journal

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်က ဝက်လူးရွာကို စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး တစ်ဦး သေဆုံးသွားတယ်လို့ နွားထိုးကြီးမြို့ခံတွေက RFA ကို ပြောပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီဘက်က နွားထိုးကြီးမြို့နယ် ဝက်လူးရွာကို စက်တင်ဘာလ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု လုပ်သွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတာကြောင့် ဝက်လူးရွာထဲက နယ်မြေ (၃) ထဲကို ကျရောက်ပေါက်ကွဲခဲ့တာပါ။

ဒီပေါက်ကွဲမှုကြောင့် သေဆုံးသွားသူတွေကို စက်တင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းက သင်္ဂြိုဟ်လိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နွားထိုးကြီးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဆုံးသွားတဲ့သူတွေက သက်လတ်ပိုင်းအရွယ် သုံးဆယ်ကျော်တွေပေါ့။ အမျိုးသမီးနာမည်ကတော့ မာမာအေးလို့ခေါ်တယ်။ သူကတော့ နေရာမှာတင် ဆုံးတယ်လို့ ကြားတယ်။ အမျိုးသားနှစ်ယောက်ကတော့ အဲဒီနေ့ ညတွင်းချင်းပဲ ဆုံးသွားတယ်"

မန္တလေးတိုင်းထဲက မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်တွေမှာ “မြင်းခြံခရိုင် စစ်ဆင်ရေး” အဖြစ် သြဂုတ်လ ၁၀ ရက်နေ့ကစလို့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီနောက် နွားထိုးကြီးမြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏဖြစ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ ဦးသိန်းဌေးကို RFA တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

RFA ရဲ့ စာရင်းတွေအရ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အခုနှစ် ဇန်နဝါရီလကနေ မေလအထိ ငါးလအတွင်း အရပ်သား ၆၆၂ ဦး သေဆုံးပြီး ၁,၄၉၂ ဦး ဒဏ်ရာရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။