မတ္တရာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူငါးထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေး
2024.10.27
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီရဲ့ မြေပြင်စစ်ကြောင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံ ငါးထောင်ခန့် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ မတ္တရာဒေသခံတွေက RFA ကို အောက်တိုဘာလ ၂၇ ရက် ဒီနေ့ပြောပါတယ်။
အောက်တိုဘာလ ၂၆ ရက် မနေ့က မတ္တရာမြို့ကနေ အင်အား ငါးဆယ် ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ဝေါစု၊ တုံကုန်း၊ မရမ်းကုန်း၊ ရွာသစ်၊ ထိန်ပင်စောက် စတဲ့ ရွာတွေကို စီးနင်းပြီး လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်နေတာလို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲမဖြစ်ဘဲ စီနင်းပစ်ခတ်မှုတွေကြောင့် အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မတ္တရာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က ဘာတိုက်ပွဲမှမရှိဘဲနဲ့ အလွတ်ဝင်ပစ်သွားတာ။ ဂျက်တိုက်လေယာဉ်နဲ့ရော၊ Mi 35 နဲ့ရော ဝင်ပစ်တာ။ ထိခိုက်မှုရှိတယ်။ သုံးယောက်ထိတယ်လို့ သတင်းရတယ်ဗျ။ နည်းနည်းတော့ စိုးရိမ်ရတယ်”
လက်ရှိမှာတော့ ရွာသစ်ရွာမှာ စစ်ကောင်စီတပ် စစ်ကြောင်း အထိုင်ချထားသလို အောက်တိုဘာလ ၂၆ ရက်နေ့ မနေ့ကလည်း အဲဒီရွာကို အချိန်သုံးနာရီကြာ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေး ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
အောက်တိုဘာ ၂၁ ရက်နေ့က မတ္တရာမြို့နယ် အနောက်ခြမ်းမှာရှိတဲ့ ဧရာဝတီမြစ်ဘေးကရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ မြွေတလိုင်းရွာအနီး စက်လှေပေါ်က တစ်နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် ၂၈ နှစ်အရွယ် မိခင်ဖြစ်သူတို့ သေဆုံးသွားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့ကစလို့ စစ်ကောင်စီတပ်က တစ်ကျော့ပြန် ထိုးစစ်ဆင်နေတာကြောင့် ဧရာဝတီမြစ်ဘေးတစ်လျှောက်က သုံးဆယ်ပေး၊ ကုန်းတန်းလေး၊ ဘိုကုန်း၊ ကြိမ်တော၊ ဘုရားမကုန်း၊ ဆူးလေကုန်း၊ ရွှေဘောင်၊ သဖန်းဒေါင့်၊ ငယ်တိုး၊ ဝန်စု၊ ဝေါစု စတဲ့ရွာက ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။