အစိုးရအဖွဲ့ဝင်တွေရဲ့ အရည်အချင်းမှာ နိုင်ငံခြားသားမဖြစ်ဖို့အချက်ကို ဖြည့်စွက်

သီဟထွန်း
2019.11.20
military-mp-622 ၂၀၁၉၊ နိုဝင်ဘာ ၂၀ ရက်နေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး တက်ရောက်တဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အချို့ကို တွေ့ရစဥ်
Photo: Pyidaungsu Hluttaw

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်နဲ့ လွှတ်တော် ကိုယ်စားလှယ် ၁၄၄ ဦးတင်သွင်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့ မူကြမ်းအပေါ် လေ့လာစီစစ်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။

ဒီနေ့ ဆွေးနွေးကြတဲ့ လွှတ်တော် ကိုယ်စားလှယ် ၁၃ ဦးထဲမှာ တပ်မတော်သားကိုယ်စားလှယ်တွေက အများဆုံးဖြစ်ပြီး ခုနှစ်ဦး ပါဝင်ဆွေးနွေးခဲ့ပါတယ်။

တပ်မတော်သားကိုယ်စားလှယ်တွေက ဗိုလ်မှူးချုပ် မောင်မောင် တင်ပြထားတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေ မူကြမ်းကို ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီ ရဲ့ အစီရင်ခံစာပြီးမှသာ တစ်ပြိုင်တည်း ယှဉ်တွဲပြီး ဆွေးနွေးမယ်ဆိုတဲ့ အဆိုပြုချက်ကို လက်မခံဘဲ သီးခြားဆွေးနွေးဖို့ ပြောပါတယ်။

ဗိုလ်မှူးချုပ် မောင်မောင် တင်ပြလာတဲ့ ဥပဒေမူကြမ်းထဲမှာ ပြည်ထောင်စုဝန်ကြီးနဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ် အရည်အချင်း သတ်မှတ်ချက်မှာ မိမိကိုယ်တိုင် နိုင်ငံခြားသားမဖြစ်ဖို့နဲ့ နိုင်ငံခြားသားတစ်ဦးဦးနဲ့ ဆွေမျိုးတော်စပ်ပတ်သက်နေတာမျိုး မဖြစ်ဖို့၊ နိုင်ငံခြားအစိုးရရဲ့ ကျေးဇူးသစ္စာကို ခံယူစောင့်ရှောက်ရိုသေသူ မဖြစ်ရဆိုတဲ့ အချက်ကို ထပ်မံဖြည့်စွက်ဖို့ ဖော်ပြထားပါတယ်။

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဒေါ်စိုးစိုးမြင့် က အစိုးရအဖွဲ့ ဝန်ကြီးတွေ အနေနဲ့ နိုင်ငံကို သစ္စာစောင့် သိဖို့ဆိုရင် သူကိုယ်တိုင်သာမက ဆွေမျိုးတော်စပ်သူတွေပါ နိုင်ငံခြားသားမဖြစ်ဖို့ လိုတယ်လို့ ပြောပါတယ်။

လွတ်လပ်ရေးကြိုးပမ်းမူ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ ခုနှစ်က ပြောခဲ့တဲ့ မိန့်ခွန်းတစ်ခုမှာ "တိုင်းပြုပြည်ပြု လွှတ်တော်က တိုက်ရိုက်ရွေးကောက်ပွဲ လုပ်ချင်တယ်၊ အဲဒီရွေးကောက်ပွဲမှာ အမျိုးသားမဟုတ်တဲ့ နိုင်ငံခြားသား မပါစေရဘူးလို့" ထည့်သွင်းပြောကြားခဲ့ကြောင်းနဲ့ ဒါကိုကြည့်ရင် ပြည်ပနိုင်ငံတွေရဲ့ သြဇာလွှမ်းမိုးမူကို သတိထားတယ်ဆိုတာ တွေ့မြင်ရမှာဖြစ်‌ကြောင်း တပ်မတော်သား ကိုယ်စားလှယ်တွေက ကိုးကားဆွေးနွေးပါတယ်။

တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ ဒီနေ့ ဆွေးနွေးတဲ့အချက်တွေထဲမှာ အစိုးရအဖွဲ့ ဝန်ကြီးဌာနတွေမှာ နိုင်ငံခြားသား အကြံပေးတွေကို ခန့်အပ်တာနဲ့ ပတ်သက်ပြီး တိုင်းပြည်အတွက် တကယ်အကျိုးရှိ မရှိနဲ့ သူတို့တွေက နိုင်ငံခြားသားတွေဖြစ်တဲ့အတွက် ဘယ်အတိုင်းအတာအထိ ယုံကြည်ရမလဲဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်တာကို တွေ့ရပါတယ်။

NLD ပါတီက ကိုယ်စားလှယ်တချို့ကတော့ အခု တပ်မတော်ဘက်က ပြင်ဆင်လိုတဲ့ ပြည်ထောင်စုဝန်ကြီး အရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၂၃၂ ဟာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်ရေး တားဆီးထားတဲ့ ပုဒ်မ ၅၉ စ လိုပဲ လို့ ယူဆပါတယ်။

NLD ပါတီ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁ က ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးလှဆန်းက ပြင်ဆင်လိုတဲ့ ဥပဒေပုဒ်မဟာ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ရည်ညွှန်းတယ်လို့ ယူဆကြောင်းပြောပါတယ်။

လက်ရှိ လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ က ကိုယ်စားလှယ်တွေ တင်သွင်းထားတဲ့ ဥပဒေမူကြမ်း လေးခုရှိပြီး သူတို့က သီးခြားစီသာ ဆွေးနွေးလိုကြပါတယ်။

ဒါပေမဲ့ ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းပုံ ပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီရဲ့ ပြင်ဆင်ချက်မူကြမ်း ထွက်လာမှာသာ တစ်ပြိုင်တည်း ယှဉ်တွဲ ဆွေးနွေးဖို့ ဆုံးဖြတ်တဲ့အတွက် ကန့်ကွက်နေကြတာပါ။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီက နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်တွေ တင်ပြလာတဲ့ ပြင်ဆင်လိုတဲ့ အချက်ပေါင်း ၃၇၀၀ ကျော်ကို လေ့လာစိစစ်နေတာပါ။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ဒီနေ့ လွှတ်တော်မှာ ဆွေးနွေးစဉ် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ၄၅ ဦးပူးပေါင်းကော်မတီကို နည်းဥပဒေတွေနဲ့ မညီဘဲ မဲခွဲပြီးဆောင်ရွက်ခဲ့တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

အဲဒီမှာ NLD ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က လွှတ်တော်က ဆုံးဖြတ်ပြီးသားဖြစ်တဲ့ကိစ္စကို ပြန်လှန်ပြောဆိုနေတာဟာ ဥပဒေနဲ့ မညီကြောင်းနဲ့ ဦးသောင်းအေးရဲ့ ၄၅ ဦးကော်မတီအပေါ် ဝေဖန်ချက်ကို လွှတ်တော်ကသာ ပယ်ဖျက်ပေးဖို့တောင်းဆိုရာမှာ လွှတ်တော် နာယက က ခွင့်ပြုခဲ့ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက လက်ရှိတင်ပြထားတဲ့ ဥပဒေမူကြမ်းတွေကို မဆွေးနွေးဘဲ ဆွေးနွေးဆဲဖြစ်တဲ့ မူကြမ်းတစ်ခုကို စောင့်ပါဆိုတာက ဥပဒေကို လေးစားလိုက်နာမှုလိုအပ်တယ်လို့ ယူဆကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

ရခိုင်အမျိုးသားပါတီ ANP က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ဘယ်ပါတီက တင်ပြတာပဲဖြစ်ဖြစ် တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ သက်ဆိုင်ရာ လွှတ်တော်တွေက ခန့်အပ်တာနဲ့ဆိုင်တဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို အားပေးတယ်လို့ ပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးသိန်းထွန်းနဲ့ ဒေါက်တာ မောင်သင်းတို့ တင်ပြခဲ့တဲ့ ဥပဒေကြမ်းတွေထဲမှာ သမ္မတရဲ့ လုပ်ပိုင်ခွင့်တချို့ကို လျှော့ချတဲ့ပုဒ်မ၊ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ လွှတ်တော်တွေက ခန့်အပ်တာနဲ့ဆိုင်တဲ့ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ဖို့ အချက်တွေပါဝင်ပါတယ်။

တပ်မတော်သားတွေ တင်ပြတဲ့ ဥပဒေမူကြမ်းတွေထဲမှာလည်း လွှတ်တော်ကို ဖျက်သိမ်းဖို့ အခွင့်အရေးရှိတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရဲ့ တာဝန်နဲ့ အခန်းကဏ္ဍ၊ ပြည်ထောင်စုဝန်ကြီး၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ် အရည်အချင်း သတ်မှတ်ချက်တွေမှာလည်း နိုင်ငံခြားသားမဖြစ်ဖို့နဲ့ နိုင်ငံခြားသားတစ်ဦးဦးနဲ့ ဆွေမျိုးတော်စပ်ပတ်သက်နေတာမျိုး မဖြစ်ဖို့ ဆိုတဲ့ အချက်တွေ ပါဝင်လာပါတယ်။

တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်နဲ့ ကိုယ်စားလှယ် ၁၄၄ ဦး တင်သွင်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့ မူကြမ်းအပေါ် လေ့လာစီစစ်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေက နောက်ရက်တွေမှာ ထပ်မံ ဆွေးနွေးမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။