မြောက်ဦးမှာ လူနာပို့ဆောင်သူတွေနဲ့ လူနာကို တပ်မတော်ဖမ်းဆီး


2019.03.13
myaukoo-622.jpg မြောက်ဦးမြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာကနေ မြို့ပေါ်ဆေးရုံကိုလူနာသွားပို့တဲ့ လူနာအပါအဝင် ဒေသခံ ၆ ဦးကို တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါအပြင် လူနာတင်ယာဉ်မောင်းနဲ့ ယာဉ်အကူ ၂ ဦးကိုလည်း ဖမ်းဆီးသွားပါတယ်။

ကျောင်းတောင်ကျေးရွာအနီးက သပေါ့စာတဲစုမှာ နေထိုင်တဲ့ လူနာတစ်ဦးကို ကျောင်းတောင်ကျေးရွာသား ၆ ဦးက မနေ့ညက ဆေးရုံကို လိုက်ပို့ရာမှာ တပ်မတော်က ဖမ်းဆီးသွားတာဖြစ်ကြောင်း အဖမ်းခံရတဲ့ ဦးထွန်းစိုးလင်းရဲ့ အစ်ကိုဖြစ်သူ ဦးမောင်မောင်အေးက RFA ကို ပြောပါတယ်။

ကျောင်းတောင်ကျေးရွာနဲ့နီးတဲ့ မင်းပြားမြို့နယ် သပေါ့စာတဲစုမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အသက် ၃၀ ဝန်းကျင်အရွယ် ဦးလှမောင်ဝင်းဟာ အပြင်းဖျားပြီး သတိမေ့နေတာကြောင့် ရွာမှာရှိတဲ့ နာရေးကူညီမှုအသင်းဝင် ၆ ဦးက မြောက်ဦးဆေးရုံကို တင်ဖို့ ကားနဲ့ ခေါ်ဆောင်လာတာလို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA က ဒီနေ့ညနေပိုင်း မှာ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အစည်းအဝေးထဲရောက်နေတယ်ဆိုတာကြောင့် ဆက်သွယ်လို့မရသေးပါဘူး။

ကျောင်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းရွှေမောင်က မြောက်ဦးမြို့မရဲစခန်းကို ဒီနေ့ မေးမြန်းခဲ့ရာမှာလည်း ရဲစခန်းကိုမရောက်ဘူးလို့ အကြောင်းပြန်ခဲ့ကြောင်း မိသားစုဝင်တွေကပြောပါတယ်။

ကျောင်းတောင်ကျေးရွာသားတစ်ဦးဖြစ်တဲ့ ဦးခင်မောင်ညွန့်က ဒီနေ့ညနေ ၅ နာရီကျော်အချိန်အထိ အဆက်အသွယ်မရသေးဘူးလို့ပြောပါတယ်။

"ကျွန်တော်တို့ဆီမှာ နာရေးအသင်းက ကလေးတွေရှိတယ်၊ လူကြီးတွေရှိတယ်။ အဲဒါ အကူအညီတောင်းလာလို့ ကျွန်တော်တို့ဆီက လူ ၆ ယောက်ပါသွားတယ်။ ကားဆရာက ၃ ဦး၊ အားလုံးစုစုပေါင်း ၁၀ ဦးပေါ့။ အခုထိ ဖုန်းအဆက်အသွယ်မရဘူး။ တပ်ကခေါ်သွားတာ"

ကျောင်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့မိသားစုဝင်တွေက မြောက်ဦးမြို့အထိ သွားပြီး ဒီနေ့ တစ်နေကုန်စုံစမ်းမှုတွေပြုလုပ်ခဲ့ပေမယ့် သူတို့ကို ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာကို မသိရသေးဘူးလို့ပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ဦးထွန်းစိုးလင်းရဲ့ အစ်ကိုဖြစ်သူ ဦးမောင်မောင်အေးက အခုလိုပြောပါတယ်။

"မြောက်ဦးကိုလိုက်ပို့တော့ လမ်းမှာ စစ်တပ်နဲ့တွေ့တယ်လို့ပြောတယ်။ အဲဒီစစ်တပ်ကပဲဖမ်းခေါ်သွားတယ်လို့ ပြောတယ်။ မြောက်ဦးနဲ့ ဆင်အိုးရွာကြားမှာ ချောင်းသစ်ရွာဆိုတာရှိတယ်။ အဲဒီရွာနားကနေပြီးဖမ်းသွားတာ။ ဘယ်နေရာကိုရောက်နေတယ်ဆိုတာကိုတော့ တိတိကျကျမသိရသေးဘူးဗျ။ လူနာကလည်း ဘယ်နေရာမှာ ရှိနေမှန်းမသိဘူး။ ဘယ်တပ်ရင်းကနေ ဘယ်တပ်ရင်းကိုဖမ်းသွားလဲဆိုတာကိုလည်း ဘာမှမသိရဘူး"


ချောင်းသစ်ကျေးရွာအနီး မနေ့က ဖမ်းဆီးခေါ်ဆောင်သွားတာဟာ အစိုးရတပ်မတော်ကလို့ အဲဒီဝန်းကျင် မှာနေထိုင်တဲ့ဒေသခံတွေက ပြောဆိုတာကြောင့် မိသားစုတွေက သိကြရတာဖြစ်ပြီး ဘယ်တပ်ရင်းက ခေါ်ဆောင်သွားတယ်ဆိုတာကို အတည်ပြုနိုင်ခြင်းမရှိကြပါဘူး။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူတွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက သက်ဆိုင်ရာမိသားစုတွေထံ အကြောင်းကြားဖို့လိုအပ်တယ်လို့ ပြောပါတယ်။

"ကျွန်တော်ပြောချင်တာကတော့ သက်ဆိုင်ရာဌာနအဖွဲ့အစည်းကပေါ့နော် မသင်္ကာလို့ သူတို့ကဖမ်းဆီး ခေါ်ဆောင်သွားတယ်ဆိုရင်လည်းပဲ သူတို့မိသားစုဝင်တွေသိအောင်ပေါ့ ဘယ်နေရာကိုခေါ်သွားတယ်၊ အခုစစ်ဆေးနေတယ် စသည်အားဖြင့်ပေါ့နော် သက်ဆိုင်ရာဌာနအဖွဲ့အစည်းတွေအနေနဲ့ ပွင့်လင်းမြင်သာဖို့ လိုအပ်ပါတယ်"

မနေ့က ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ လူနာဟာ သတိမေ့နေတာကြောင့် အဲဒီလူနာရဲ့အခြေအနေကို စိုးရိမ်မိတယ်လို့လည်း ဒေသခံတွေကပြောကြပါတယ်။

ရက္ခိုင့်တပ်မတော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ မနေ့က ဖမ်းဆီးခေါ်သွားသူဟာ အစိုးရတပ်ဘက်ကဖြစ်တယ်ဆိုတဲ့ သတင်းတွေကို သူတို့လည်းရရှိထားတယ်လို့ပြောပါတယ်။

အရေးကြီးလူနာကိုပါ ဖမ်းဆီးခေါ်ဆောင်သွားတာနဲ့ပတ်သက်လို့ AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက အခုလိုပြောပါတယ်။

"လူနာဆိုတဲ့ဥစ္စာက ဒါအရေးကြီးဆုံးပဲ။ လူ့အသက်ထက်အရေးကြီးတာ မရှိဘူး။ သူတို့က လူနာသတိမေ့နေလို့ ဆေးရုံကိုသွားပို့တာကို ဗမာစစ်တပ်ဘက်ကနေဖမ်းတယ်ဆိုတာကတော့ ဒါဟာတော်တော်လေးဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ ပြောရမယ်ဆိုလို့ရှိရင် ဒါက စစ်ရာဇဝတ်မှုကျူးလွန်တာပဲ"


ကျောင်းတောင်ကျေးရွာဟာ မြောက်ဦးမြို့နယ် လေးမြို့မြစ်ရဲ့အရှေ့ဘက်ကမ်းမှာရှိပြီး အဲဒီကျေးရွာ အနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိသလို အစိုးရတပ်ဘက်ကလည်း စစ်ရေးလှုပ်ရှားတာတွေမရှိဘူးလို့ ရွာသားတွေကပြောပါတယ်။

မနေ့ညက ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ရွာသားတွေဟာလည်း ရက္ခိုင့်တပ်မတော် AA နဲ့ ဆက်သွယ်ခြင်း မရှိဘူးလို့ ရွာသားတွေကပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ကျောက်တော်မြို့နယ် ၄ ဦး၊ မြောက်ဦးမြို့နယ်က ၂ ဦးတို့ဟာ သတင်းအစအနမရဘဲ ပျောက်ဆုံးနေပြီး အခုလည်း မြောက်ဦးမြို့နယ်မှာ ပျောက်ဆုံးသူ ၁၀ ဦး ထပ်တိုးလာတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။