ခင်ဦးမြို့နယ် သရက်ကန်ရွာက PDF စခန်းတစ်ခု အသိမ်းခံလိုက်ရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သရက်ကန်ရွာအနီးက ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF စခန်းတစ်ခုကို ဇန်နဝါရီ ၂၅ ရက် မနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စီးနင်းတိုက်ခိုက်ခဲ့ရာ အဲဒီစခန်း အသိမ်းခံလိုက်ရတယ်လို့ PDF တပ်ဖွဲ့က ပြောပါတယ်။

သတင်းပေးသူတွေကြောင့် စစ်တပ်က မနက်အစော ရောက်လာပြီး တိုက်ပွဲဖြစ်ကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ PDF တပ်ဖွဲ့ဝင်တစ်ယောက်က RFA ကို ပြောပါတယ်။

"မနက်အစောပိုင်း စစ်ကောင်စီက ရောက်လာတာ၊ PDF နဲ့ ထိပ်တိုက်ဖြစ်တော့ အခြား အဖွဲ့တွေကလည်း ပျူတွေနဲ့စစ်သားတွေရှိနေတဲ့ တခြားနေရာတွေကို ဝင်တိုက်တယ်။ သရက်ကန်ရွာက စခန်းကတော့ စစ်ကောင်စီက သိမ်းမိသွားတယ်။ တူမီးတွေ အသိမ်း ခံလိုက်ရတယ်"

သရက်ကန်ရွာက PDF စခန်း အသိမ်းခံလိုက်ရလို့ စစ်ကောင်စီ သတင်းပေးတဲ့သူ လေးယောက်လည်း ဒေသတွင်း တခြား PDF အဖွဲ့တွေရဲ့ လက်ချက်နဲ့ အသတ်ခံလိုက် ရတယ်လို့ ပြောပါတယ်။

မနေ့က တိုက်ပွဲမှာ စစ်တပ်ဘက်က အင်အား ၈၀ လောက်နဲ့ရောက်လာပြီး PDF တပ်ဖွဲ့က သေဆုံးသူ ရှစ်ယောက်ရှိတယ်လို့ ကြားရပေမယ့် အခုထိ အလောင်း ငါးလောင်းပဲ တွေ့ရသေးတယ်လို့ ဆိုပါတယ်။

ခင်ဦးမြို့နယ်ထဲက PDF တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက် စီးနင်းခဲ့တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ခင်ဦးမြို့နယ်ထဲက မကျည်းတုံ၊ မဒေါင်းလှ၊ ပျဉ်ထောင်နဲ့ ရွာသစ်ကုန်း စတဲ့ရွာတွေထဲမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လက်ရှိ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။