တပ်ခေါ်သွားတဲ့ ပလောင်ရွာသား ၁၂ ဦးပြန်ရောက်၊ တစ်ဦး ပျောက်ဆုံးနေ


2019.09.25
manton-622.jpg မန်တုံမြို့ဝင် ဆိုင်းပုဒ်ကို တွေ့ရစဉ်
Photo: Kan Thar/RFA

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ် ဆိုင်းလိန်ကျေးရွာသား ၁၃ ဦးကို တပ်မတော်က မနေ့ မနက်ပိုင်းကစပြီး လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

ဆိုင်းလိန်ရွာသားတွေဟာ သူတို့တောင်ယာတွေမှာ အလုပ်လုပ်နေချိန်မှာ တပ်မတော်က  လမ်းပြအဖြစ် ခေါ်ဆောင်သွားတာဖြစ်ပြီး မနေ့ ညနေက ရွာသား ၁၂ ဦးကို ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

လမ်းပြအနေနဲ့ ခေါ်သွားတဲ့ ရွာသားတွေကို ရိုက်နှက်တာတွေမရှိပေမယ့် တစ်ဦးကတော့ ပြန်လွတ်မလာသေးဘူးလို့ တအာင်း အမျိုးသမီးများ အဖွဲ့က လွေးကုကုက ပြောပါတယ်။

"တောထဲမှာခေါ်သွားတယ် ရိုက်တာနှက်တာတော့မရှိဘူး၊ လမ်းပြအဖြစ် ခေါ်သွားပြီး သူတို့ဘယ်နားလေး ရောက်မှန်းတောင်မသိဘူး ဒါပေမဲ့ အခု ၁၂ ယောက်တော့ပြန်လွတ်လာပြီပေါ့နော်၊ အခုလောလောဆယ် တစ်ယောက်ကျန်နေသေးတယ်၊ အမျိုးသားတစ်ယောက်၊ ပြန်လာပြီလား မလာသေးဘူးလားတော့ မသိဘူး၊ ဟိုဘက်ကိုဆက်တာ ပြန်လွှတ်ပေးလိုက်ပြီလို့ ပြောပေမယ့် ရွာထဲတော့ ပြန်ရောက်မလာသေးဘူး၊ အဲတစ်ယောက်က"

ကျန်နေသေးတဲ့ တစ်ဦးကတော့ ဘယ်သူဆိုတာ တိတိကျကျမသိရသေးဘဲ စုံစမ်းနေဆဲဖြစ်ပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို မေးမြန်းရာမှာတော့ ရွာသားတွေ လမ်းပြအဖြစ် ခေါ်သွားတဲ့ကိစ္စကို သူအနေနဲ့ မသိရှိသေးကြောင်း ပြောပါတယ်။

အရှေမြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းထွဋ်လေးကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီကိစ္စနဲ့ ပက်သက်ပြီး ပလောင်ကိုယ်ပိုင်အုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင် ဦးသိန်းဇော်ကို RFA က ဆက်သွယ် မေးမြန်းရာမှာတေ့ာ အစည်းအဝေးရှိနေတာကြောင့် နောက်မှ ပြန်လည်ပြန်ဆက်သွယ်မယ်လို့ ပြောပါတယ်။

တအာင်း/ပလောင် တိုင်းရင်းသား အများအပြား နေထိုင်တဲ့ မန်တုံမြို့နယ်ဟာ တအာင်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့TNLA တပ်တွေ လှုပ်ရှားတဲ့နယ်မြေလည်း ဖြစ်ပါတယ်။

ဒီလိုလူထုကို ထိခိုက်စေတာမျိုးတွေကို နှစ်ဘက်အဖွဲ့တွေအနေနဲ့ မလုပ်စေချင်ဘူးလို့ တအာင်း ဥပဒေအထောက်အကူပြုအဖွဲ့ တာဝန်ခံ မိုင်းမျိုးအောင်က ပြောပါတယ်။

"လူထုကို အဲလိုမျိုးတွေမလုပ်စေချင်ဘူး၊ လူထုက လူထုဘဲ၊ လက်နက်ကိုင်က လက်နက်ကိုင်ဘဲ ကွဲခြားပြီးတော့ မြင်စေချင်တယ်၊ ဘယ်ဘက်ကဖြစ်ဖြစ် လူထုကို ထိခိုက်နစ်နာစေတာမျိုးတွေကို မလုပ်စေချင်ဘူး၊ စစ်ဒဏ်ကို လူထုတွေပဲ ခံနေရတာ၊ နောက်ပိုင်း ဘယ်ဘက်ဖြစ်ဖြစ် ကျနော်တို့ လူထုကို နစ်နာစေတာမျိုးတွေကို ရှောင်ရှားစေချင်တယ်"

စစ်ကြောင်းတွေ အမြဲတမ်းဖြတ်သွားနေတာကြောင့် ဒေသခံတွေဟာ တိုက်ပွဲမဖြစ်ရင်တောင် ကြောက်ရွံစိတ်နဲ့ နေထိုင်နေရတယ်လို့ လွေးကုကုက ပြောပါတယ်။

"လောလောဆယ်တော့ တိုက်ပွဲက ဟိုလိုမျိုးတော့မဖြစ်တော့ဘူး၊ ဒါပေမဲ့ စစ်ကြောင်းတွေက လှည့်လည်သွားနေတာတော့ရှိတယ်၊ ရွာသားတွေက စစ်ပွဲဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ သူတို့က စစ်သားတွေရှိနေတဲ့အခါကျတော့ လုံခြုံရေးအရ ကြောက်ရွံ့မှုတွေဖြစ်နေတာပေါ့"

အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးနေသူ တစ်ဦးရဲ့ နောက်ဆက်တွဲအခြေအနေအကြောင်း အဲဒီရွာကို မေးမြန်းဖို့ ဒီနေ့ညနေပိုင်းအထိ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူးခင်ဗျာ။

(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။