မြောက်ဦး ဒုက္ခသည်စခန်းက ဆန်အိတ် ၅၀၀ ကို တပ်က သိမ်းယူ


2020-11-10
Share

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာက စစ်ဘေးဒုက္ခသည်တွေအတွက် အစိုးရထောက်ပံ့ထားတဲ့ ရိက္ခာဆန်အိတ် ၅၀၀ ကျော်ကို တပ်မတော်က နိုဝင်ဘာ ၉ ရက်နေ့ မနေ့ညက သိမ်းယူသွားပါတယ်။

မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာမှာ စစ်ဘေးဒုက္ခသည် ၃၀၀၀ ကျော်ရှိနေပြီး ဒုက္ခသည်တွေအတွက် အစိုးရက ထောက်ပံ့ထားတဲ့ ဆန်ရိက္ခာ အိတ် ၅၀၀ ကို တိမ်ညိုဘုန်းကြီးကျောင်းမှာ သိမ်းဆည်းထားတာ ဖြစ်ပါတယ်။

အဲဒီဆန်အိတ်တွေကို တစ်စုံတစ်ရာ လျှောက်ထားတာမျိုး မရှိဘဲ တပ်မတော်က နိုဝင်ဘာ ၉ ရက်နေ့ မနေ့ညက ကားတွေနဲ့ လာတင်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တိမ်ညိုဘုန်းကြီးကျောင်းက ဆရာတော်တစ်ပါးက မိန့်ပါတယ်။

"ကုန်ကားနှစ်စီးနဲ့ ဒုက္ခသည်တွေအတွက် ဆန်အိတ်တွေကို ဘုန်းကြီးတို့ကိုလည်း လျှောက်တာမရှိပဲနဲ့  တင်နေတာတွေ့တယ်။ တိမ်ညိုဒုက္ခသည်စခန်း အုပ်ချုပ်ရေးမှူးက စခန်းမှာ ဒီရေတက်တယ်ဆိုပြီး ဒီမှာ လာထားတာ ။ ကြာပြီ ဒီဆန်အိတ်တွေမှ မဟုတ်ဘူး လစဉ်လတိုင်း လာထားတာ၊ လူကယ်ပြန်က ပေးတာလို့သိရတယ် သူတို့ကိုပြောပြတာပေါ့ မရဘူး သယ်တာပဲ"

ဒီဆန်အိတ်တွေဟာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထာရေးဝန်ကြီးဌာနရဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနက ထောက်ပံ့တဲ့ ဆန်အိတ်တွေဖြစ်ပြီး တစ်ဝက်က ဝေငှပြီးဖြစ်ကာ ကျန်ရှိနေတဲ့ ဆန်အိတ်တွေကို သိမ်းယူသွားတာဖြစ်ပါတယ်။

တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က ဒီကိစ္စကို သက်ဆိုင်ရာ မြို့နယ်နဲ့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးတွေကို တင်ပြထားတယ်လို့ ပြောပါတယ်။

"စစ်ဘေးရှောင်တွေအတွက် ထောက်ပံ့ထားတဲ့ ဆန်အိတ်ကို တပ်ကလာသယ်နေတယ်လို့ိ သိရတယ်။ ရွာသားတွေက လာအကြောင်းကြားတာ။ ဘေးစီမံက ထောက်ပံ့တဲ့ ဆန်အိတ်တွေကို စစ်တပ်က ကားနဲ့လာသယ်တယ်လို့ သိရတာ၊ ဆန်အိတ်က ၅၀၀ ကျော် ၆၀၀ နီးပါးရှိတယ်ဗျ ဒါ ဘေးစီမံက လစဉ်လတိုင်းထောက်ပံ့တာပါ။ ဒီကိစ္စကို အစိုးရ မြို့နယ်ရယ် ခရိုင်အုပ်ချုပ်ရေးမှူးရယ်ကိုတော့ တင်ပြထားပါတယ်"

တိမ်ညိုကျေးရွာ ဒုက္ခသည်စခန်းမှာ အိမ်ထောင်စု ၈၀၀ ကျော်ရှိပြီး လူဦးရေ ၃၀၀၀ ကျော်အတွက် တစ်ဦးကို တစ်ရက် ဆန် ၂ ဗူးနှုန်းနဲ့ အစိုးရက လစဉ်ဆန်ရိက္ခာ ထောက်ပံ့နေတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်က ဒုက္ခသည်တွေရဲ့ ရိက္ခာတွေ သိမ်းယူခံရတာကို သူ့အနေနဲ့ မသိရသေးတာကြောင့် မှတ်ချက်ပြုဖို့မရှိကြောင်း ပြောပါတယ်။

မြောက်ဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထာရေးဝန်ကြီးဌာန ရခိုင်ပြည်နယ် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန မြောက်ဦးမြို့နယ် ခရိုင်ဦးစီးမှူး ဦးဆန်နီကတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့က ဆန်အိတ် တစ်ထောင်ကျော် ထောက်ပံ့ထားတာဖြစ်ပြီး လစဉ်ထောက်ပံ့မှုတွေ ပေးနေတာလို့ ဆိုပါတယ်။

"အရင်လက ၁၀၂၃ အိတ်ပေးလိုက်ပါတယ်။ ဆန်အိတ်ထောက်ပံ့တာပါ လစဉ် စားနပ်ရိက္ခာအတွက် ဆန်ပေးတာပါ။ လူဦးရေနဲ့ တွက်ပေးတာပါ လူတစ်ဦးကို ဆန် ၂ဗူး နှုန်းနဲ့ပါ။ အိမ်ထောင်စု ၈၅၁ စု လူဦးရေ ၃၂၇၆ ဦးပါ အဲ့တုန်းက ဆန်အိတ် ၁၀၂၃ အိတ် ၁၈ ပြည်ပေးထားတာပါ ၁၂ ရက် ၁၀ လပိုင်းတုန်းက ပေးထားတာပါ"

တပ်မတော်သား ၂၀၀ လောက်ဟာ နိုဝင်ဘာ ၂ ရက်နေ့လောက်ထဲက တိမ်ညိုကျေးရွာကို ရောက်ရှိနေတာဖြစ်ပြီး တိမ်ညိုကျေးရွာက စစ်ဘေးဒုက္ခသည်စခန်းကို စစ်ဆေးတာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ တိမ်ညိုကျေးရွာမှာ ဒီနေ့အထိ တပ်မတော်က တပ်စွဲထားကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။

တပ်မတော် စစ်ဆေးမှုတွေကိုကြောက်တဲ့ စစ်ဘေးဒုက္ခသည်တွေက ထွက်ပြေးနေကြပြီး စခန်းမှာ လူမရှိသလောက် ဖြစ်နေတယ်လို့ တိမ်ညိုကျေးရွာက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခ သည်တစ်ဦးက ပြောပါတယ်။

"ရွာမှာလူတွေက မရှိတော့သလောက်ပါပဲ။ ရွာမှာ သက်ကြီးရွယ်အိုတွေ၊ မသွားနိုင် မလာနိုင်သူတွေလောက်ပဲ ကျန်တော့တယ်။ ကျန်တဲ့လူတွေကတော့ ဟိုလူအဖမ်းခံရ၊ ဒီလူအစစ်ဆေးခံရ ဆိုတော့ ထွက်ပြေးသူကများတယ်။ ရွာမှာက လူတွေ မရှိသလောက်ဖြစ်နေပါတယ်။ ထွက်ပြေးတာကတော့ ကြောက်လန့်ပြီး ထွက်ပြေးကြတာပေါ့။ တပ်မတော်က ရွာကိုရောက်လာတာနဲ့ ဟိုသူ့ခေါ်စစ် ဒီလူခေါ်စစ်နဲ့ ဖမ်းဆီးပြီး ရိုက်နှက်စစ်ဆေးကြတာကြောင့်ပါ"

တပ်က ဒုက္ခသည်တွေရဲ့ ရိက္ခာကို သိမ်းယူတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဒီနေ့ ညနေ ၅ နာရီခွဲအထိ ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါဘူး။

မြောက်ဦးမြို့နယ် တိမ်ညို ဒုက္ခသည်စခန်းဖွင့်လှစ်ထားတာ တစ်နှစ်ကျော်ရှိနေပြီဖြစ်ပြီး တိမ်ညိုကျေးရွာနဲ့ အနီးအနားဝန်းကျင်က ထွက်ပြေးလာသူတွေ ခိုလှုံနေကြတာဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် မြောက်ဦးမြို့နယ်မှာ နေရပ်စွန့်ခွာထွက်ပြေးပြီး ဒုက္ခသည်စခန်းမှာ ခိုလှုံနေရသူ ၂ သောင်းနီးပါးရှိတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး REC က အောက်တိုဘာလ အထိ ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

တပ်မတော်နဲ့ AA အဖွဲ့တို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ် ၁၀ ခုမှာ စစ်ဘေးဒုက္ခသည် နှစ်သိန်းနှစ်သောင်းခြောက်ထောင်ကျော် ရှိနေပြီလို့ စစ်ဘေးဒုက္ခသည်တွေအရေး အကူအညီပေးနေတဲ့ REC အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့အထိ စခန်းတွင်းရော စခန်းပြင်ပမှာပါ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်ဦးရေဟာ ၇၆၀၀၀ ကျော်ရှိတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့