တပ်မတော်ကို အရပ်သားအစိုးရအောက်ထားပြီး ပြုပြင်ဖို့ FFM မစ်ရှင်တိုက်တွန်း


2019.08.22
un-ffm-622.jpg အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂရုံးမှာ ၂ဝ၁၉ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရတဲ့ FFM အဖွဲ့ဝင် ရာဒီကာကုမာရဆွာမိ။
Screen shot: UN Web TV

မြန်မာနိုင်ငံမှာ တပ်မတော်၊ရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်တွေက ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ အမျိုးသမီးတွေနဲ့ ကချင်၊ ရှမ်းစတဲ့ တိုင်းရင်းသားဒေသတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ထားတဲ့ဖြစ်ရပ်တွေကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင် FFM က စုံစမ်းဖော်ထုတ်ထားတဲ့ အစီရင်ခံစာသစ်ကို မနေ့ကကြာသပတေးနေ့မှာ ထုတ်ပြန်ပြီး တရားမျှတမှုရဖို့ တောင်းဆိုလိုက်ပါတယ်။

ဒီအစီရင်ခံစာမှာ ဖော်ပြထားတဲ့အကြောင်းတွေကို FFM အဖွဲ့ဝင် ရာဒီကာကုမာရဆွာမိက အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂရုံးမှာ ဒေသစံတော်ချိန်မနက် ၁၁ နာရီမှာသတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး ပြောဆိုပါတယ်။

“FFM မစ်ရှင်အဖွဲ့အနေနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းဖို့တာဝန်ပေးခံရတဲ့ အတွက် ပထမထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာရဲ့နောက်မှာ အခုနှစ်စောင်ထုတ်ပြန်လိုက်တာပါ။ တခုက မကြာသေးခင်က အင်ဒိုနီးရှားမှာ ထုတ်ပြန်ခဲ့တဲ့ မြန်မာ့တပ်မတော်ရဲ့ အကျိုးစီးပွားဆိုင်ရာစီးပွားရေး အစီရင်ခံစာဖြစ်ပါတယ်။အခုကတော့ လိင်ပိုင်းဆိုင်ရာနဲ့ ကျားမအပေါ်မူတည်ပြီးအကြမ်းဖက်ထားတဲ့ ဖြစ်ရပ်တွေဖြစ်ပါတယ်။ ဒါကြောင့်လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ကြည့်တဲ့အခါမှာ တပ်မတော်အပေါ်မှာပဲ မူတည်နေတာတွေ့ရပါတယ်။ ဒါဟာ အရပ်သားအစိုးရတို့ အရပ်သားတို့က ကျူးလွန်တာမဟုတ်ပါဘူး။ လိင်အကြမ်းဖက်မှုတွေဟာ အပြစ်ပေးဖို့အတွက် တပ်မတော်ကသုံးနေတဲ့ နည်းပရိယာယ်ဆိုတာပါပဲ”

ဒါ့အပြင် မစ္စကုမာရဆွာမိက ....

“ ဖိနှိပ်တဲ့နည်းတွေထဲမှာ လိင်ပိုင်းဆိုင်ရာအဓမ္မပြုတဲ့နည်းကလည်း တနည်းဖြစ်နေတာတွေ့ရပါတယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မှာလည်း တွေ့ရတယ်။ အထူးသဖြင့်တော့ ရခိုင်ပြည်နယ်မှာ ပိုဖြစ်ခဲ့တာ တွေ့ရပါတယ်။ ဒီလုပ်ရပ်တွေကြောင့် ဂျနိုဆိုဒ်လို့ခေါ်တဲ့ လူမျိုးတုန်း သုတ်သင်ရှင်းလင်းမှုမြောက်နေတာလို့ ခေါ်လို့ရနိုင်ပါတယ်”

ဒါ့အပြင် အခုထုတ်ပြန်တဲ့အစီရင်ခံစာသစ်မှာ အမျိုးသား၊ အမျိုးသမီးဆိုတဲ့ ကွဲပြားချက်ပေါ်မှာ မူတည်ပြီး အကြမ်းဖက်တာတွေအပြင်၊ ယောကျ်ားလေးအချင်းချင်း မုဒိန်းကျင့်ခိုင်းတာ၊ လိင်တူချစ်သူ တွေအပေါ်မှာ စော်ကားတာ စတဲ့ဖြစ်ရပ်တွေကို ဖော်ပြလေ့မရှိခဲ့တာကလည်း လိုအပ်ချက်ဖြစ်နေတယ်။ အဲဒီလိုအပ်ချက်ကို အခုဖြည့်စွမ်းပေးနိုင်ခဲ့တယ် လို့ ကုမာရဆွာမိကပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ ကုမာရဆွာမိက “ကျွန်မကိုယ်တိုင် ဘူးသီးတောင်ထောင်ထဲက အကျဉ်းသားတွေနဲ့တွေ့ပြီး မေးကြည့်တဲ့အခါ အမျိုးသားအကျဉ်းဆောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ရိုဟင်ဂျာအကျဉ်းသားတွေကို ခွဲထားတဲ့အကြောင်း၊ အဲဒီထဲက အမျိုးသားအကျဉ်းသားတချို့လည်း လိင်အကြမ်းဖက်ခံရတာရှိတဲ့အကြောင်း လူငယ်အကျဉ်းသားတယောက်က ပြောပြတယ်”

ဒါ့အပြင် မြန်မာ့တပ်မတော်က တိုင်းရင်းသားဒေသတွေမှာ၊ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ အရပ်သားတွေ ကိုပေါ်တာဆွဲတာ၊ ထမင်းဟင်းချက်ဖို့ အဓမ္မခေါ်ဆောင်သွားတာတွေလဲ မှတ်တမ်းတင်ထားတယ်လို့ ဆိုပါတယ်။

FFM မစ်ရှင်အဖွဲ့ရဲ့ ကြာသပတေးနေ့ နယူးယောက်စံတော်ချိန် မနက် ၁၁ နာရီမှာ ထုတ်ပြန်တဲ့ ဒီအစီရင်ခံစာနဲ့ပတ်သက်လို့ မြန်မာ့တပ်မတော်ရဲ့တုံ့ပြန်ချက်ကိုရဖို့ ကြိုးစားပေမယ့် မြန်မာနိုင်ငံမှာ ညဖက်ဖြစ်နေတဲ့အတွက် လတ်တလောမရနိုင်သေးပါဘူး။

ဒါပေမယ့် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်းကတော့ “နံပါတ်တစ် အချက်က FFM အဖွဲ့ကို ကျနော်တို့ အသိအမှတ်မပြုဘူး၊ နံပါတ်နှစ်အချက်က ဒီအစီရင်ခံစာကို ထုတ်ပြန်တာ အသစ်အဆန်းလည်း မပါဘူး။ ထူးခြားတာတခုက မနက်ဖြန် သြဂုတ်လ ၂၃ ရက်နေ့ကျရင် လုံခြုံရေးကောင်စီရဲ့ဖော်မြူလာဆိုတာ အလွတ်သဘောဆွေးနွေးတာပေါ့နော်။ အဲဒီမှာ မြန်မာ့တပ်မတော်က အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ကျူးလွန်ထားတယ်ဆိုတဲ့ဟာတွေကို ဘယ်လိုအရေးယူမလဲဆိုတာ ဆွေးနွေးကြမယ်။ အဲဒီမတိုင်ခင်မှာ ဒီအစီရင်ခံစာကို ချိန်ကိုက်ထုတ်ပြန်တာ။ အချုပ်ပြောရရင် ကျနော်တို့အစိုးရကို ဖိအားပေးနိုင်အောင်လုပ်နေတာလို့ပဲ ပြောချင်ပါတယ်”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်လို့လည်း FFM အဖွဲ့က စုံစမ်းထားတာကိုလည်း ကုမာရဆွာမိက ….

“ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာလည်း အကြမ်းဖက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ ရှိ-မရှိကိုလည်း ကျွန်မတို့ စုံစမ်းပါတယ်။ အဲဒီမှာတော့ သူတို့ဒေသကလူတွေကို တခါတလေမှာ ကိုယ့်ဆန္ဒနဲ့ကိုယ် လိုက်ပါဖို့ခေါ်တာတွေရှိသလို၊ တခါတလေမှာတော့ဆန္ဒမပါလည်း လိုက်ရမယ်ဆိုတာမျိုး ခေါ်တာတွေရှိတယ်။ အမျိုးသမီးတွေဆိုရင်လည်း သူနာပြုအတွက်တို့ ချက်ပြုတ်ပေးဖို့တို့ သန့်ရှင်းရေးအတွက်တို့ ခေါ်တာရှိတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတချို့လည်း တွေ့ရတယ်”

ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့တုံ့ပြန်ချက်တွေလည်း လတ်တလောမရနိုင်သေးပါဘူး။

မြန်မာ့လူ့အဖွဲ့အစည်းကြားမှာ အမျိုးသား၊ အမျိုးသမီးခွဲခြားတာ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ပြီး၊ နာခံအောင်လုပ်တာတွေရဲ့ ဇာစ်မြစ်တခုကလည်း သားကိုသခင် လင်ကိုဘုရားဆိုတဲ့ အယူအဆ၊ ယောက်ျားလေးက မိန်းကလေးထက်ပိုပြီးမြင့်မြတ်တာဆိုတဲ့ အယူအဆဟောင်းတွေနဲ့ ပတ်သက်နေတယ်လို့ FFM အဖွဲ့ဝင် ကုမာရဆွာမိက ထောက်ပြပါတယ်။

အခုအစီရင်ခံစာမှာ ဖော်ပြထားတဲ့ ဖြစ်ရပ်အများစုဟာ War Crimes လို့ခေါ်တဲ့ စစ်ရာဇဝတ်မှု၊ Crimes against Humanity လို့ခေါ်တဲ့ လူသားမျိုးနွယ်စုအပေါ်သက်ရောက်တဲ့ရာဇဝတ်မှု၊ Genocide လို့ခေါ်တဲ့ လူမျိုးတုန်းသုတ်သင်ရှင်းလင်းမှုအပါအဝင် အပြည်ပြည်ဆိုင်ရာ ဥပဒေတွေချိုးဖောက်မှုရောက်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကုမာရဆွာမိက ….

“အချုပ်အားဖြင့်ဆိုရင်တော့ အခုလိုလိင်အကြမ်းဖက်မှုတွေအပါအဝင် ဖြစ်ရပ်ဆိုးတွေပပျောက်ဖို့ အတွက် မြန်မာ့တပ်မတော်ကို အရပ်သားအစိုးရ အောက်ထားပြီး၊ ပြုပြင် ပြောင်းလဲဖို့ ကျွန်မတို့အကြံပြုပါတယ်” လို့ပြောလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ နိုင်ငံတကာကုမ္ပဏီတွေအနေနဲ့ စီးပွားရေးမလုပ်ဖို့မဆိုလိုပေမယ့်၊ တပ်မတော်နဲ့ ဆက်စပ်တဲ့စီးပွားရေးလုပ်ငန်း တွေနဲ့ ပတ်သက်ဖို့ လိုအပ်တယ်လို့ ကုမာရဆွာမိက ထပ်လောင်း ပြောဆိုလိုက်ပါတယ်။

FFM မစ်ရှင်အဖွဲ့ရဲ့အပြီးသတ်အစီရင်ခံစာကို နောက်လမှာ လူ့အခွင့်အရေးကောင်စီကို တင်ပြမယ်လို့ သိရပါတယ်။

(RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။