ရေဖြူမြို့နယ်မှာ အရပ်သား ၂၆ ဦးဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ထဲကို ဩဂုတ်လ ၁၀ ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာပြီးနောက် အရပ်သား ၂၆ ဦး ဖမ်းဆီးခံရပြီး နောက်ထပ် အရပ်သား တစ်ထောင်ကျော်လည်း နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ရေဖြူဒေသခံတွေက ပြောပါတယ်။

ရေဖြူမြို့နယ်ထဲက ထိန်ကြီး၊ လဲရှောင်၊ ခမောင်းချောင်း၊ ရငဲ၊ ဝက်ချောင်းစတဲ့ရွာတွေက အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး ၁၀ ဦး ဖမ်းဆီးခံရတာဖြစ်ပြီး ဩဂုတ်လ ၁၁ ရက်နေ့အထိ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"ရေဖြူမြို့နယ်ထဲမှာ စစ်ကြောင်းနှစ်ခုထိုးနေတာ။ သူတို့စစ်ကြောင်းထိုးတဲ့တစ်လျှောက် က ဒေသခံတွေအဖမ်းခံရတာ။ စစ်ကြောင်းနဲ့ ခေါ်သွားတော့ အခုထိပြန်လွတ်လာတာမျိုး မရှိသေးဘူး"

စစ်ကောင်စီတပ် စစ်ကြောင်းထိုးတဲ့အခါ အရပ်သားတွေကို လမ်းပြအဖြစ်ဖမ်းဆီးတာ၊ စစ်ကြောင်းအရှေ့ကနေ လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားတာ စတဲ့ဖြစ်စဉ်တွေ အရင်ကလည်းရှိခဲ့တယ်လို့ သူကဆိုပါတယ်။

ဒီစစ်ကြောင်းကြောင့် ထိန်ကြီး၊ လဲရှောင်၊ ခမောင်းချောင်း၊ ရငဲ၊ ဝက်ချောင်း၊ ဧကနိ စတဲ့ရွာတွေက ဒေသခံတစ်ထောင်ကျော်ဟာ နီးစပ်ရာဆွေမျိုးသားချင်းရှိတဲ့ရွာတွေနဲ့ တောတွေထဲတိမ်းရှောင်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေဖမ်းဆီးခံရတာအပါအဝင် စစ်ကြောင်းထိုးနေတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောရေးဆိုခွင့်ရှိသူ RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ရေဖြူမြို့နယ်ထဲမှာ ဩဂုတ်လ ၈ ရက်စလို့ အင်အား ၁၅၀ လောက်ပါတဲ့ စစ်ကောင်စီ တပ်ဖွဲ့ စစ်ကြောင်းနှစ်ခုဟာ စစ်ကြောင်းထိုးနေတာလို့ ရေဖြူမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးကလည်း RFA ကိုပြောပါတယ်။

စစ်ကြောင်းဟာ မိကျောင်းလှောင်းရွာအနီးမှာရှိနေပြီး လက်ရှိမှာ နှစ်ဘက် စောင့်ကြည့်နေတဲ့အခြေအနေမှာရှိတယ်လို့ သူကပြောပါတယ်။

ရေဖြူမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇွန်နဲ့ ဇူလိုင်လတုန်းကလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလို့ ဒေသခံ သုံးထောင်ကျော်နေရပ်စွန့်ခွာခဲ့ရတယ်လို့ စစ်ဘေးရှောင် ကူညီရေးအဖွဲ့တစ်ခုဖြစ်တဲ့ ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေး အဖွဲ့က ဩဂုတ်လ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဇူလိုင်လ ၁၅ ရက်က ထုတ်ပြန်တဲ့အစီရင်ခံစာအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေကြောင့် တနင်္သာရီတိုင်းက နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူ ခုနစ်သောင်းကျော် (၇၀,၂၀၀) ရှိနေပါတယ်။