သံဖြူဇရပ်မှာ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ အပါအဝင် အသင်းဝင်ကိုးဦး ဖမ်းဆီးခံရ
2024.09.21
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ အောင်မင်္ဂလာရပ်ကွက်မှာရှိတဲ့ ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ အပါအဝင် စုစုပေါင်း အသင်းဝင် ကိုးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက စက်တင်ဘာလ ၂၁ ရက်နေ့မှာ RFA ကို ပြောပါတယ်။
စက်တင်ဘာလ ၁၈ ရက်နေ့ည ၁၀ နာရီခန့်က ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းရုံးကို စစ်ကောင်စီတပ်က ၀င်ရောက်ပြီး အသင်းဥက္ကဋ္ဌ အပါအ၀င် အသင်းဝင် ခြောက်ဦးကို ဖမ်းဆီးခဲ့တာပါ။ စက်တင်ဘာလ ၂၀ ရက်နေ့ ညပိုင်းမှာ နောက်ထပ် အဖွဲ့၀င် သုံးဦးကိုလည်း နေအိမ်တွေမှာ လာရောက်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရသူတွေကို ဝဲကလိရွာ အခြေစိုက် အမှတ် (၄) တပ်မတော် တန်းမြင့်သင်တန်းကျောင်းက စစ်ကြောရေးစခန်းမှာ စစ်ဆေးနေပြီး လက်ရှိအချိန်ထိ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို့ အသင်းနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
"အသင်းရုံးကို အရင်၀င်ဖမ်း ရှာဖွေပြီး အသင်းရုံးမှာ ရှိနေတဲ့သူတွေကို ဖမ်းသွားတာ။ ပထမ ဖမ်းခေါ်သွားတာ ခြောက်ယောက်။ မနေ့ည ၉ နာရီ၀န်းကျင်မှာလည်း နေအိမ်မှာ နောက်ထပ်လာဖမ်းတာ သုံးယောက် ထပ်ပါတယ်။ ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာကို မသိရဘူး"
ဖမ်းဆီးခံရသူတွေထဲမှာ ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးရဲမင်းထိုက်၊ ဦးဇော်၀မ်း၊ ကိုရဲလှိုင်ဦး၊ ကို၀င်းကြည်၊ ကိုဟိန်းစည်သူမင်းဦးတို့ ပါဝင်ပြီး ကျန်လေးဦးရဲ့ နာမည်တွေကိုတော့ မသိရသေးပါဘူး။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးစောကြည်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်မှာ လူမှုကူညီရေးအသင်း၀င်တွေ ဖမ်းဆီးခံရမှု မကြာခဏဆိုသလို ရှိနေတာကြောင့် လွတ်လွတ်လပ်လပ် သွားလာကူညီခွင့်မရှိဘဲ ဖြစ်နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့ကလည်း မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့အခြေစိုက် လမိုင်း လူငယ်ပရဟိတအဖွဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးအပါအဝင် စုစုပေါင်း အဖွဲ့ဝင် ငါးဦးကို စစ်ကောင်စီတပ် ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။