ကြံခင်းမြို့နယ်မှာ ရိုဟင်ဂျာ ၂၆ ဦး ဖမ်းဆီးခံရ

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်မှာ ရခိုင်ကဘက်ကလာတဲ့ ရိုဟင်ဂျာ ၂၆ ဦး ဩဂုတ်လ ၂၃ ရက်နေ့က ဖမ်းဆီးခံလိုက်ရတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

အဲဒီရိုဟင်ဂျာတွေဟာ ကျောက်သယ်ကားပေါ်မှာ ကွယ်ဝှက်လိုက်ပါလာကြတာဖြစ်ပြီး ကြံခင်းမြို့နယ်အတွင်းက ပုသိမ်-မုံရွာလမ်းပိုင်းဖြစ်တဲ့ ဇီးပင်ကွင်းကျေးရွာအုပ်စုမှာ ဖမ်းဆီးခံခဲ့ရတာလို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

"၂၆ ဦးမိတာတော့ ဟုတ်ပါတယ်ခင်ဗျ။ ကျောက်သယ်တဲ့ကားပေါ်ကို လိုက်လာတာ။ ကြံခင်းဘက်က မိတာ။ သူတို့ကို စစ်တော့စစ်ဆေးနေတုန်းပဲ။ ဘာမှန်းတော့မသိဘူး။ မလေးပဲသွားဖို့လား ဘယ်သွားဖို့လဲတော့ မသိဘူးပေါ့။ ရခိုင်ဘက်ကလာတာ"

ရဲစခန်းမှာ စစ်ဆေးနေဆဲဖြစ်တာကြောင့် သူတို့နေထိုင်တဲ့ မြို့နယ်နဲ့ ဘယ်နေရာကို ဦးတည်ထွက်ခွာတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့လည်း ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လ (၄) ရက်နေ့က စက်လှေနဲ့ထွက်ခွာလာတဲ့ ရိုဟင်ဂျာ ၇၂ ဦးကို စစ်ကောင်စီ ရေတပ်က ဖမ်းဆီးခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာနေထိုင်တဲ့ ရိုဟင်ဂျာတွေဟာ အခက်အခဲမျိုးစုံကြောင့် ကုန်းလမ်းရော၊ ရေလမ်းကပါ နေရပ်စွန့်ခွာသွားလာတာတွေ အမြဲလိုလို ရှိလာနေပါတယ်။