ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပျဉ်ရေကြီးကျေးရွာအုပ်စု၊ တံတားပိုင်းရပ်ကွက်ထဲကို စစ်ကောင်စီတပ်က ဩဂုတ်လ ၂၉ ရက်နေ့မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အသက် ခုနစ်နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးပြီး နောက်ထပ် အရပ်သားလေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညောင်လေးပင်ခရိုင် ပိန်းဇလုပ်မြို့မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ၁၂၂ မမ လက်နက်ကြီး သုံးလုံးပစ်ခတ်ခဲ့လို့ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဆုံးသွားတဲ့ ခုနစ်နှစ်အရွယ် ကလေးက နေရာမှာတင် သေသွားတာ။ အသက် ၄၄ နှစ်အရွယ် အမျိုးသမီးကတော့ ရင်ဘတ်ပွင့်ထွက်သွားတယ်။ တော်တော်လေး စိုးရိမ်ရတယ်။ ကျန် သုံးဦးကတော့ နည်းနည်းပါးပါး ရှပ်ထိရုံလောက်ပါပဲ"
ဒဏ်ရာရသူ လေးဦးမှာ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားနှစ်ဦး ပါဝင်ပြီး လတ်တလော လုံခြုံရေးအခြေအနေကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေရဲ့ နာမည်၊ အသက်စတဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်ကို မသိရသေးဘူးလို့ သူက ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ဩဂုတ်လ ၂၇ ရက်နေ့ကတော့ ပိန်းဇလုပ်မြို့အခြေစိုက် စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ကျောက်တံခါးမြို့နယ် ကညင်ကျိုးရွာက လေးနှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အမျိုးသမီးလေးဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။
ဩဂုတ်လ ၂၆ ရက်နေ့ကလည်း ပိန်းဇလုပ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့်ပဲ ကျောက်ကြီးမြို့နယ်၊ ကြိုးကြီးရွာက အရပ်သားလေးဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဩဂုတ်လ ၂၃ ရက်နေ့ကနေ ၂၉ ရက်နေ့ထိလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ညောင်လေးပင်ခရိုင် ရွှေကျင်၊ ကျောက်ကြီး၊ ကျောက်တံခါးနဲ့ မုန်းမြို့နယ်ထဲက နေအိမ် ၂၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း KNU ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် ပဲခူးတိုင်း၊ အရှေ့ခြမ်းက ဒေသခံ တစ်သိန်းနီးပါး (၉၈,၁၀၀ ဦး) နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။