နမ့်ခမ်းမှာ လက်နက်ကြီးကြောင့် ကလေး သုံးဦး အပါအဝင် အရပ်သား ခြောက်ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ အမှတ်(၂) ရပ်ကွက်မှာရှိတဲ့ နောင်စန့်ကုန်းက နေအိမ်တစ်လုံးကို ဇန်နဝါရီ လ ၅ ရက် ဒီနေ့မနက်ပိုင်းက လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အသက်တစ်နှစ်ကျော်အရွယ် ကလေး တစ်ဦး အပါအဝင် အရပ်သား ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက်ပိုင်းက TNLA တပ်ဖွဲ့တွေ မြို့ထဲကိုကားသုံးစီးနဲ့ ဝင်လာစဉ် စခန်းသစ်ကုန်းမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လှမ်းပစ်ရာမှာ လူနေအိမ်ထဲ ကျရောက်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲတောင် မဖြစ်သေးတဲ့အချိန်မှာ စစ်ကောင်စီက စခန်းကုန်းကနေပစ်တယ်။ ၃ ကြိမ်မြောက်ပစ် တဲ့ဟာ အိမ်ထဲမှာကိုကျပြီး အိမ်လည်း အကုန်ပျက်စီးသွားတယ်။ အသက် ၆၀ အရွယ် အမျိုးသမီးကတော့ ခေါင်း၊ ဖခုံး၊ တင် အဲဒါတွေထိတော့ သူတော့ ဒဏ်ရာတော်တော်ပြင်းတယ်။ ဆရာဝန်တွေပြောတာတော့ အခုက စိတ်ချရပြိလို့တော့ပြောတယ်။ အားလုံးကို အခုနမ့်ခမ်းဆေးရုံမှာ ပို့ထားတယ်”

ဒဏ်ရာရသူတွေထဲမှာ တစ်နှစ်ကျော်အရွယ် ကလေးငယ် တစ်ဦး၊ လေးနှစ်အရွယ် ကလေးငယ် နှစ်ဦး၊ အသက် ၃၂ နှစ်အရွယ် ကလေးနှစ်ဦးရဲ့ဖခင်၊ အသက် ၆၀ အရွယ် အမျိုးသမီး နှစ်ဦးတို့ဖြစ်ပြီး အိမ်နီးချင်းတွေဖြစ်တယ် လို့လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

ဒီနေ့မနက်က စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးနောက် မနက် ၉ နာရီကနေ မွန်းလွဲ ၂ နာရီလောက်အထိ နမ့်ခမ်းမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထိုသို့ပစ်ခတ်ပြီးနောက် အခုမနက် ၉ နာရီခန့် စတင်ပြီး ညနေပိုင်း ၂ နာရီအထိ TNLA တပ်နှင့် စစ်ကောင်စီ တပ်တို့ နမ့်ခမ်မြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။ မနေ့ကတော့ နမ့်ခမ့်ဈေးမှာ အခွန် လာကောက်တဲ့ TNLA စစ်သားနှစ်ဦး ပစ်သတ်ခံခဲ့ရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အခုရက်ပိုင်းတွေအတွင်း စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ၊ ကိုးကန့်တပ် MNDAA တို့နဲ့ တိုက်ပွဲနှစ်နေရာမှာ ဖြစ်ပွားတဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။