မန္တလေးမြို့အနီးက တိုက်ပွဲမှာ လက်နက်ကြီးကြောင့် လေးဦး သေဆုံး

RFA Burmese
2024.09.22
မန္တလေးမြို့အနီးက တိုက်ပွဲမှာ လက်နက်ကြီးကြောင့် လေးဦး သေဆုံး မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးရွာ မီးလောင်နေသည်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။
Facebook/ ရောင်နီနွေဦး

မန္တလေးမြို့နဲ့ ဆယ်မိုင်ခန့်ဝေးတဲ့ မတ္တရာမြို့နယ် အနောက်ခြမ်း ဧရာ၀တီမြစ်ဘေးက သုံးဆယ်ပေးရွာမှာ စက်တင်ဘာလ ၂၁ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်နေချိန် သုံးဆယ်ပေးရွာအနီးက ဆူးလေကုန်းရွာထဲကို လက်နက်ကြီးကျလို့ အရပ်သား လေးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

တိုက်ပွဲဖြစ်နေချိန် မတ္တရာမြို့ဘက်ကနေ စစ်ကောင်စီတပ်က ပစ်ကူပေးတဲ့ ဟောင်ဝစ်ဇာ လက်နက်ကြီးထိမှန်လို့ အရပ်သားတွေ သေဆုံးထိခိုက်ခဲ့တာလို့ ပြင်ဦးလွင်ခရိုင် ပကဖ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"တိုက်ပွဲကို ပစ်ကူပေးတဲ့အချိန်မှာ လက်နက်ကြီး မှန်တာဗျ။ သေတာ လေးယောက်၊ ဒဏ်ရာရတာ နှစ်ယောက်ပေါ့။ ဒဏ်ရာရတဲ့အထဲက တစ်ယောက်က ၁၁ နှစ် ကလေးပါတယ်။ လက်နှစ်ဖက်လုံး ပြတ်သွားတယ်လို့ သိထားရတယ်။ သေဆုံးတဲ့သူတွေရဲ့ အသေးစိတ်ကိုတော့ စုံစမ်းနေတုန်းပါဗျ"

တိုက်ပွဲအတွင်း ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က သုံးဆယ်ပေးရွာမှာ အထိုင်ချ နေရာယူထားပြီး ရွာက နေအိမ်တွေလည်း မီးရှို့ခံထားရတယ်လို့ ဆိုပါတယ်။ သုံးဆယ်ပေးရွာနဲ့ အနီးပတ်ဝန်းကျင်က ဒေသခံတွေကတော့ လက်နက်ကြီးနဲ့ လေကြောင်းရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

မန္တလေးတိုင်းထဲက မိုးကုတ်၊ စဥ့်ကူး၊ တကောင်း၊ သပိတ်ကျင်း စတဲ့ မြို့တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး မန္တလေးမြို့နဲ့ အနီးတစ်ဝိုက်မှာတော့ စစ်ကောင်စီတပ်က ခံစစ်အခိုင်အမာ ပြင်ဆင်ထားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။