သီပေါမှာ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

RFA Burmese
2024.08.31
သီပေါမှာ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး သေဆုံး ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ညောင်ကိုးပင်ရွာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သဖြင့် သေဆုံးခဲ့သူတစ်ဦးကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့က တွေ့ရစဉ်။
နယ်စည်းမခြားပရဟိတအဖွဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ညောင်ကိုးပင်ရွာထဲကို သြဂုတ်လ ၃၁ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ခလရ-၂၃ တပ်ရင်းကနေ ညောင်ကိုးပင်ရွာအတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"စစ်တပ်ထဲကနေ မြို့ထဲကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ဆိုသလို ပစ်နေတာ နေ့တိုင်းပဲ။ ဒီမနက်လည်း လက်နက်ကြီးနဲ့ လှမ်းပစ်တာ ညောင်ကိုးပင်ရွာထဲကျပြီး အန်တီကြီးတစ်ယောက် သေသွားတာ"

သီပေါမြို့ပေါ်ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထိန်းချုပ်ထားနိုင်ပေမဲ့ မြို့နဲ့ တစ်မိုင်ကျော်အကွာမှာရှိတဲ့ ခလရ-၂၃ တပ်ရင်းကို သိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။

စစ်ကောင်စီတပ်က တပ်အတွင်းကနေ ခံစစ်ပြင်ထားပြီး လေကြောင်းအပြင် လက်နက်ကြီးတွေ အသုံးပြုပြီး အပြင်းအထန် ခုခံနေတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်သူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

သီပေါမြို့နယ်မှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား နှစ်ဆယ်ကျော် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။