အာဆီယံအသင်းရဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးချုပ်တို့ နှစ်ဦး အခုတပတ်အတွင်းမှာ မြန်မာနိုင်ငံကို ရောက်လာဖို့ ရှိတယ်လို့ မျှော်လင့်ရတာကြောင့် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အာဆီယံအသင်းရဲ့ ဘုံသဘောတူညီချက်ငါးခုကို မြန်မာစစ်ကောင်စီက လိုက်နာဆောင်ရွက်အောင် တွန်းအားပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များ အဖွဲ့ APHR က တိုက်တွန်းတယ်လို့ မနေ့ကပဲ ကြေညာချက် ထုတ်ပြန်ပါတယ်။
မြန်မာ့အရေးမှာ ပါဝင်နေတဲ့ အဓိကအဖွဲ့အစည်းအားလုံးနဲ့လည်း အာဆီယံခေါင်းဆောင်နှစ်ဦးကို တွေ့ဆုံဖို့ တိုက်တွန်းပါတယ်။ သူတို့နှစ်ဦးရဲ့ မြန်မာပြည်ခရီးစဉ်ဟာ အဖမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့နဲ့လည်း တွေ့ဆုံရမယ့် အခွင့်အခါ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုတခေါက်လည်း အာဆီယံခေါင်းဆောင်တွေက မြန်မာစစ်ခေါင်းဆောင်တွေနဲ့ပဲ ထပ်ပြီး တွေ့ဆုံကြဦးမယ်ဆိုရင်တော့ စစ်အုပ်စုကို တရားဝင်မှုရှိအောင် အာဆီယံက အသိအမှတ်ပြုပေးရာ ရောက်လိမ့်မယ်လို့ APHR အဖွဲ့ရဲ့ဥက္ကဋ္ဌ မလေးရှားလွှတ်တော်အမတ် Charles Santiago က ပြောပါတယ်။
စစ်မှန်ပြီး အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်ရေးမှာ အာဆီယံခေါင်းဆောင်နှစ်ဦးအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေနဲ့ရော အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုရဲ့ ကိုယ်စားလှယ်တွေနဲ့ပါ တွေ့မှဖြစ်မယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ APHR က တိုက်တွန်းပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အာဆီယံခေါင်းဆောင်တွေ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက အင်ဒိုနီးရှားနိုင်ငံမှာ တကြိမ် ဆွေးနွေးခဲ့ကြပါသေးတယ်။
အဲဒီဆွေးနွေးပွဲကို စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ သဘောတူခဲ့တဲ့ အာဆီယံအသင်းရဲ့ ဘုံသဘောတူညီချက် ငါးခုကို မြန်မာဘက်က အကောင်အထည်မဖော်တဲ့အတွက် အာဆီယံအသင်းလည်း ဝေဖန်ခံနေရပါတယ်။