အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ရွှေ့ဆိုင်း

2022.01.12
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ရွှေ့ဆိုင်း အောက်တိုဘာလ ၂၈ ရက်နေ့က အွန်လိုင်းမှ ကျင်းပခဲ့သည့် မြန်မာနိုင်ငံ တက်ရောက်ခွင့်မရသော အာဆီယံဆွေးနွေးပွဲ မြင်ကွင်းတစ်ခု။
Photo: RFA

နောက်အပတ်ထဲမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများရဲ့အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်တယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဗုဒ္ဓဟူးနေ့ကပြောတဲ့အကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။ တချို့နိုင်ငံခြားရေးဝန်ကြီးတွေက ဒီအစည်းအဝေးကို
လူကိုယ်တိုင် တက်ဖို့ အခက်အခဲတွေ ရှိနေတာကြောင့် အစည်းအဝေးကို ရွှေ့ဆိုင်းတာလို့ ဆိုပါတယ်။ ဘယ်နေ့ကို ရွှေ့မလဲဆိုတာတော့ မစီစဉ်ရသေးပါဘူး။

အရင်စီစဉ်ထားတာက ဇန်နဝါရီ ၁၈နဲ့ ၁၉ရက်နေ့မှာ ကမ္ဘောဒီးယားနိုင်ငံ စီရမ်ရိမြို့မှာ ကျင်းပဖို့ပါ။ အခုအစည်းအဝေးဟာ အာဆီယံအသင်းရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားနိုင်ငံ အခုနှစ်ဆန်းမှာ ဖြစ်လာခဲ့ပြီးနောက်ပိုင်း ပထမဆုံးကျင်းပမယ့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အာဆီယံအသင်းဝင်နိုင်ငံတွေထဲမှာလည်း သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံနဲ့ ပူးပေါင်းဆက်ဆံမှုတွေ မလုပ်တာကြောင့် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အာဆီယံထိပ်သီးဆွေးနွေးပွဲ တက်ခွင့်မရခဲ့ပါဘူး။ ဒီလို တက်ခွင့်မပေးရေးဆုံးဖြတ်ချက်ချဖို့ တွန်းအားပေးခဲ့တဲ့နိုင်ငံတွေထဲမှာ ဘရူနိုင်းလ် ၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေ ပါဝင်ပါတယ်။

ဒီအချိန်မှာပဲ အလှည့်ကျဥက္ကဋ္ဌသစ်ဖြစ်လာတဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာနိုင်ငံကို ပြီးခဲ့တဲ့အပတ်က သွားပြီး မြန်မာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

မြန်မာအရေးနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယားနိုင်ငံက မတူတဲ့ ချဥ်းကပ်မှုနဲ့ လုပ်ဆောင်မယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က စနေနေ့က ပြောပါတယ်။ သူဟာ အာဆီယံရဲ့  မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် အခုကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ရွေးချယ်ခံရမယ်လို့ မျှော်လင့်ရတဲ့သူပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။