အာဆီယံ ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး စစ်ကောင်စီ ကိုယ်စားလှယ် တက်ရောက်

RFA Burmese
2024.09.05
အာဆီယံ ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး စစ်ကောင်စီ ကိုယ်စားလှယ် တက်ရောက် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ ရောက်ရှိနေသည့် စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။
CINCDS Photo

လာအိုနိုင်ငံမှာ စက်တင်ဘာ ၄ ရက်ကနေ ၇ ရက်နေ့ အထိ ကျင်းပမဲ့ (၂၁) ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးကို စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးနဲ့ ကိုယ်စားလှယ်အဖွဲ့က တက်ရောက်နေတယ်လို့ စစ်ကောင်စီ သတင်းစာတွေက စက်တင်ဘာလ ၅ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒီအစည်းအဝေးကို စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒုဗိုလ်ချုပ်ကြီး စိုးမင်းဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က တက်ရောက်တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ကို လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ စစ်ဦးစီးဌာန အကြီးအကဲဖြစ်သူ Lieutenant General Khamlieng Outhakaisone က လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံတပ်မတော်အကြား ပူးပေါင်းဆောင်ရွက်မှုအတွက် ဆွေးနွေးခဲ့တယ်လို့လည်း စစ်ကောင်စီ သတင်းစာတွေက ဖော်ပြပါတယ်။

အာဆီယံကာကွယ်ရေး ဦးစီးချုပ်များ အစည်းအဝေးမှာ စစ်ကောင်စီ ကိုယ်စားလှယ်တွေ တက်ရောက်ခွင့် ပိတ်ပေးဖို့ အရပ်ဖက်အဖွဲ့ ၂၁၅ ဖွဲ့က အာဆီယံကို ဩဂုတ်လ နောက်ဆုံးအပတ်မှာ အိတ်ဖွင့်စာပေးပို့ တောင်းဆိုထားပါတယ်။

ဒီအစည်းအဝေးကို မြန်မာပြည်သူကို ကိုယ်စားပြုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုသာ တက်ရောက်ခွင့်ပြုဖို့လည်း အိတ်ဖွင့်ပေးစာမှာ ဖော်ပြပါတယ်။

အာဆီယံအနေနဲ့ စစ်ကောင်စီရဲ့ မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ဖို့ အားထုတ်မှုတွေကို ဟန့်တားပေးဖို့နဲ့ မြန်မာပြည်သူတွေအတွက် နိုင်ငံတကာထောက်ခံမှုရရှိအောင် ဆောင်ရွက်ပေးဖို့ ဒီအဖွဲ့တွေက တောင်းဆိုထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့မှာ ပြီးခဲ့တဲ့နှစ် ဇွန်လဆန်းပိုင်းမှာ ကျင်းပခဲ့တဲ့ အကြိမ် (၂၀) မြောက် အာဆီယံ ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား ဗိုလ်မှူးချုပ် ဖြိုးဇော်စိုး ဦးဆောင်တဲ့ စစ်ကောင်စီ ကိုယ်စားလှယ် တက်ရောက်ပါတယ်။

အဲဒီ့အစည်းအဝေးမှာတော့ အာဆီယံဒေသတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။