မြန်မာ့အရေး အာဆီယံ အရေးပေါ်ဆွေးနွေးမည်

မြန်မာ့အရေး ဆွေးနွေးဖို့ လာမယ့်သီတင်းပတ်ထဲမှာ အာဆီယံနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ အရေးပေါ်တွေ့ဆုံကြမယ်လို့ AFP သတင်းမှာ ဒီကနေ့ ဖော်ပြလိုက်ပါတယ်။

လာမယ့် အောက်တိုဘာ ၂၇ ရက် ကြာသပတေးနေ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာ တွေ့ဆုံမှာဖြစ်ပါတယ်။

နိုဝင်ဘာလထဲမှာ ကျင်းပဖို့ရှိနေတဲ့ အာဆီယံခေါင်းဆောင်တွေ တက်ရောက်မယ့် ထိပ်သီးညီလာခံ မတိုင်ခင် နိုင်ငံခြားရေးဝန်ကြီးတွေ ခေါင်းချင်းဆိုင်ကြမှာပါ။

မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ အာဆီယံက ဘုံသဘောတူညီချက် ၅ ချက်ကို ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် ဧပြီလက ချမှတ်ထားပါတယ်။

ဒီအထဲမှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ သက်ဆိုင်သူအားလုံး အပြုသဘောဆွေးနွေးဖို့စတဲ့ အချက်တွေပါပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဟာ အချိန်တစ်နှစ်ခွဲလောက် ကြာလာပြီဖြစ်ပေမဲ့ အဲဒီဘုံသဘောတူညီချက်တွေကို လိုက်နာဆောင်ရွက်နိုင်ခြင်းမရှိဘူးလို့ နိုင်ငံတကာနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က ပြောဆိုနေပါတယ်။

ကြာသပတေးနေ့ အရေးပေါ်တွေ့ဆုံကြတဲ့အချိန်မှာ ဒီဘုံသဘောတူညီချက်နဲ့ ပတ်သက်လို့ ဘာတွေတိုးတက်မှုရှိလဲ ဆွေးနွေးကြလိမ့်မယ်လို့ AFP သတင်းမှာ ရေးထားပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အတက်ကြွဆုံးလို့ ယူဆနိုင်တဲ့ မလေးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးကတော့ ‌ဘုံသဘောတူညီချက်နေရာမှာ နောက်ထပ် အစီအစဉ်တစ်ခုနဲ့ အစားထိုးဖို့ တိုက်တွန်းသွားမယ်လို့ ပြောထားပါတယ်။

အလားတူ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း ဘုံသဘောတူညီချက်တွေကို မြန်မာစစ်တပ်ဘက်က ပျက်ကွက်နေလို့ စိတ်ပျက်မိတယ်လို့ ဆိုထားပါတယ်။

ဖိလစ်ပိုင်သမ္မတသစ် ဖာဒီနန် မားကို့စ် ဂျူနီယာကတော့ အာဆီယံအနေနဲ့ စစ်တပ်ကိုယ်စားလှယ်တွေနဲ့ပါ တိုက်ရိုက်ဆွေးနွေးဖို့ ပြောဆိုထားပါတယ်။

လာမယ့်နိုဝင်ဘာလမှာ ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံကို စစ်ခေါင်းဆောင်ကို တက်ရောက်ခွင့် မပြုထားပါဘူး။