မြန်မာနိုင်ငံရဲ့ လတ်တလော နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးနို်င်ရေး ASEAN အဖွဲ့ဝင်နိုင်ငံတွေ အမြန်ဆုံး အရေးပေါ်အစည်းအဝေးခေါ်ယူဖို့ အင်ဒိုနိးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဘရူနိုင်းနိုင်ငံကိုလည်း သမ္မတ ဂျိုကို ဝီဒိုဒိုက တင်ပြတောင်းဆိုသွားဖို့ ရှိကြောင်း ရိုက်တာ သတင်းမှာဖော်ပြပါတယ်။
သမ္မတ ဂျိုကို ဝီဒိုဒိုက မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး ချက်ချင်း ပြန်လည်အကောင်အထည်ဖော်နိုင်ဖို့ တွေ့ဆုံဆွေးနွေးကြဖို့လည်း တိုက်တွန်းလိုက်တာပါ။
မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Muhyiddin Yassin ကလည်း ASEAN အဖွဲ့ဝင်နိုင်ငံတွေ အမြန်ဆုံး အရေးပေါ်အစည်းအဝေးခေါ်ယူဖို့ တောင်းဆိုချက်ကို ထောက်ခံလိုက်ကြောင်း ကြေညာချက်တစ်ရပ် ထုတ်ပြန်ပါတယ်။
လက်နက်မဲ့ အရပ်သားတွေကို အကြမ်းဖက်သတ်ဖြတ်နေတာဟာ လုံးဝလက်ခံနိုင်ဖွယ်မရှိကြောင်း၊ မြန်မာစစ်တပ်အနေနဲ့ ငြိမ်းချမ်းတဲ့ ဖြေရှင်းနည်းကို ဦးတည်ဖို့လည်း မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ကပြောထားပါတယ်။
အာဆီယံနိုင်ငံ ၁၀ နိုင်ငံရဲ့မှုမှာ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွပ်ဖက်ရဘူးလို့ ပြဌာန်းထားတာကြောင့် အခုလို အရေးပေါ်အစည်းအဝေးတစ်ရပ်ခေါ်ပြီး မြန်မာပြည်တွင်းရေးအကြောင်းဆွေးနွေးဖို့ တောင်းဆိုချက်ဟာ ထူးခြားတယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။