အာဆီယံအစည်းအဝေး ထုတ်ပြန်ချက်အပေါ် စိတ်ပျက်မိကြောင်း NUG ပြော

RFA Burmese
2023.05.13
အာဆီယံအစည်းအဝေး ထုတ်ပြန်ချက်အပေါ် စိတ်ပျက်မိကြောင်း NUG ပြော အင်ဒိုနီးရှားနိုင်ငံ လူဘန် ဘာဂျိုမြို့တွင် ၂ဝ၂၃ ခုနှစ်၊ မေလ ၁၁ ရက်နေ့က ကျင်းပသည့် ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအား တွေ့ရစဉ်။
AFP

(၄၂) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ထုတ်ပြန်ချက်အပေါ် စိတ်ပျက်မိသလို စစ်ကောင်စီကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ နိုင်ငံတကာတရားရုံးနဲ့ အာဆီယံတို့က ထိရောက်စွာအရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မေလ ၁၃ ရက် ဒီနေ့ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန်ချက်ဟာ မြန်မာ့အရေးနဲ့ အကြမ်းဖက်မှုတွေ မြင့်တက်လာတဲ့အပေါ် စိုးရိမ်ကြောင်း ဖော်ပြရုံသာဖြစ်နေတဲ့ပေါ် စိတ်ပျက်မိတယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကလည်း အာဆီယံခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီချက်ငါးချက်ဟာ တိုးတက်မှုမရှိဘဲ ဒါကိုအကောင်အထည်ဖော်ဖို့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လိုအပ်တယ်လို့ RFA ကို ပြောပါတယ်။

“အကောင်အထည်ဖော်ဖို့အတွက်က အရေးယူဆောင်ရွက်မှုနော်၊ လုပ်ငန်းစဉ်တွေ ချမှတ်ဖို့အတွက် ထိရောက်တဲ့ လက်တွေ့ကျရမယ်။ တိုင်းထွာလို့ရရမယ်။ ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတဲ့ အချိန်အကန့်အသတ်ရှိဖို့လိုတယ်”

ကုလရဲ့ဆုံးဖြတ်ချက်နဲ့ ပဋိဉာဉ်ပါ အပိုဒ် ၇ အရ စစ်ကောင်စီ လိုက်နာရန်ပျက်ကွက်မှု တွေကို အရေးပေါ် ဖော်ထုတ်ပေးဖို့၊ နိုင်ငံတကာတရားရုံးအနေနဲ့ ရောမကြေညာချက် ပုဒ်မ ၁၂ (၃) အရ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပေးဖို့၊ အားလုံးပါဝင်တဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာဖိုရမ်ကို အာဆီယံအလှည့်ကျဥက္ကဋ္ဌက အရေးပေါ်ကျင်းပပေးဖို့ စတဲ့အချက်တွေကိုလည်း NUG က ထည့်သွင်းတောင်းဆိုထားပါတယ်။

ဒါ့အပြင် အာဆီယံခေါင်းဆောင်များရဲ့ ဆုံးဖြတ်သုံးသပ်ချက် အပိုဒ် ၉ အရ အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေး (AHA Center) ဘုတ်အဖွဲ့က စစ်ကောင်စီ ကိုယ်စားလှယ်တွေကို ဖယ်ထုတ်ဖို့လိုတယ်လို့လည်း ဆိုထားပါတယ်။

(၄၂) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ Labuan Bajo မြို့မှာ မေလ ၉ ရက်နေ့ ကနေ ၁၁ ရက်နေ့အထိ ကျင်းပခဲ့တာပါ။

အစည်းအဝေးအပြီး မေလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဘုံသဘောတူညီချက် ငါးရပ်ဟာ အာဆီယံရဲ့ အဓိကရည်ညွှန်းချက်အဖြစ် ဆက်လက် တည်ရှိနေတယ်လို့ အာဆီယံက ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။