ဘရူနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီးကို မြန်မာကိုယ်စားလှယ်အဖြစ် အာဆီယံက လျာထား

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ Online ကတဆင့် ကျင်းပတဲ့ နှစ်ပတ်လည် အစည်းအဝေးကနေ ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Erywan Yusof ကို အထူးကိုယ်စားလှယ်အဖြစ် တနင်္လာနေ့က ရွေးချယ်ထားတယ်လို့ အမည်မဖော်လိုတဲ့ အာဆီယံသံတမန် နှစ်ဦးက AP သတင်းဌာနကို ပြောဆိုပါတယ်။

အာဆီယံ နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအရေးကို ဆောင်ရွက်ဖို့ သဘောတူထားပေမယ့် လက်ရှိအချိန်အထိ စတင်ဆောင်ရွက်နိုင်ခြင်း မရှိသေးတဲ့ အပေါ်မှာ နိုင်ငံတကာရဲ့ ဖိအားပေးခံနေရတာလည်းဖြစ်ပါတယ်။

အာဆီယံက ရွေးချယ်ထားတဲ့ အထူးကိုယ်စားလှယ်ကို မြန်မာစစ်ကောင်စီဘက်က ထောက်ခံချက်မပေးရင် အထူးကိုယ်စားလှယ်အဖြစ် တာဝန်ပေးဖို့ အခက်အခဲရှိတယ်လို့ AP သတင်းဌာနကို အာဆီယံ သံတမန်တစ်ဦး က ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ စစ်ကောင်စီဘက်က ဘာမှတ်ချက်မှ မပေးသေး ပါဘူး။

ပြီးခဲ့တဲ့ အပတ်အတွင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောသွားတဲ့ မိန့်ခွန်းမှာ တော့ အာဆီယံက အထူးကိုယ်စားလှယ်အဖြစ် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်း ဝီရာဆတ် ပူထရာကူးလ်ကို စစ်ကောင်စီဘက်က လက်ခံပြီးဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

အာဆီယံရဲ့ တိုက်တွန်းမှုကို မြန်မာဘက်က မတုံ့ပြန်ဘူးဆိုရင် မြန်မာပြည်သူတွေ နာကျင်ခံစားနေရတာတွေ အတွက် အင်ဒိုနီးရှားကတော့ ငြိမ်နေမှာ မဟုတ်ဘူး၊ စိုးရိမ်စရာ အခြေအနေတွေအတွက် ဆက်ပြီးပြောဆို တိုက်တွန်းနေမယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက တနင်္လာနေ့မှာ သတင်းထောက်တွေကို ဗီဒီယို ကတဆင့် ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကင်ဟာ အခုတစ်ပတ်ထဲမှာ အွန်လိုင်းကတဆင့် ကျင်းပမယ့် အာဆီယံဝန်ကြီးများအဆင့် ဆွေးနွေးပွဲကို ပါဝင်တက်ရောက်ဖို့ရှိပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ပေါ်ပေါက်လာရေး အာဆီယံနိုင်ငံတွေကို တွန်းအားပေးပြောဆိုဖို့ရှိတယ်လို့ AP သတင်းမှာ ဒီကနေ့ ဖော်ပြထားပါတယ်။