အာဆီယံလွှတ်တော်အမတ်များ ညီလာခံအဖွဲ့ AIPA က မြန်မာနိုင်ငံကို လူကိုယ်တိုင် သွားရောက်ပြီး မြန်မာပြည်သူတွေရဲ့ အခြေအနေကို လေ့လာဖို့ ပြင်ဆင်နေတယ်လို့ အင်ဒိုနီးရှားလွှတ်တော် အမတ် နဲ့ ဒေသတွင်း လွှတ်တော်အမတ်များ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ Fadli Zon က ပြောပါတယ်။
ဒေသတွင်းက လွှတ်တော် အသီးသီးကို ကိုယ်စားပြုတဲ့ အထူးသံတမန်အဖွဲ့ တစ်ဖွဲ့အဖြစ်နဲ့ မြန်မာနိုင်ငံကို လူကိုယ်တိုင်သွားရောက်ပြီး အခြေအနေ ဘယ်လို ရှိတယ်ဆိုတာ ကြည့်ရှုသင့်တယ်လို့ Fadli Zon က ပြောကြားကြောင်း သောကြာနေ့က ထုတ်ပြန်တဲ့ AIPA ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အခုလ အစောပိုင်းက အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ ၄၄ ကြိမ်မြောက် အာဆီယံ လွှတ်တော်များညီလာခံမှာ အာဏာသိမ်း စစ်ကောင်စီက အာဆီယံနဲ့ ရထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည် ဖော်တဲ့ အခြေအနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းအားထုတ်မှုတွေကို စောင့်ကြည့်မယ့် ကော်မတီ ဖွဲ့စည်းဖို့ သဘောတူခဲ့ပြီး၊ မြန်မာနိုင်ငံကို AIPA ရဲ့ အထူးသံတမန်အဖွဲ့ စေလွှတ်ဖို့အတွက်ကိုတော့ ဆုံးဖြတ်ချက် မချရသေးဘဲ ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံအကျပ်အတည်းရဲ့ ထိခိုက်မှုတွေကို လူကိုယ်တိုင်မြင်တွေ့ရပြီး၊ ပြဿနာ ဖြေရှင်းဖို့ အဖြေရှာတဲ့နေရာမှာ ပါဝင်ကူညီနိုင်ဖို့နဲ့ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး အတွက် အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပေါ်ပေါက်လာအောင် ကြိုးပမ်းတဲ့နေရာမှာ အာဆီယံ လွှတ်တော် အမတ်တွေက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်ဖို့လည်း ရည်ရွယ်တာ ဖြစ်တယ်လို့ Fadli Zon က ပြောပါတယ်။