သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံရန် ကြံစည်မှု အမေရိကန်သံအမတ် ရှုတ်ချ

မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ပြင်းထန်စွာဒဏ်ရာရရန် သို့မဟုတ် လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့တာနဲ့ ပတ်သက်ပြီး အလျှင်အမြန် တုံ့ပြန် အရေးယူနိုင်ခဲ့မှု အတွက် အမေရိကန် လုံခြုံရေးတပ်ဖွဲ့ဝင် တွေကို ကျေးဇူးအထူးတင်ရှိပါတယ်လို့ နယူးယောက်မြို့က ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးလ် က သြဂုတ်လ ၇ ရက်နေ့က ကြေညာချက် တစ်စောင်ထုတ်ပြန် ပြောကြား လိုက်ပါတယ်။

အမေရိကန်နိုင်ငံ ပိုင်နက်အတွင်း ပြစ်မှုကျူးလွန်ဖို့ ကြိုးစားခဲ့သူတွေကို အခုလို ဖမ်းဆီး အရေးယူနိုင်ခဲ့တဲ့ အတွက် မိမိတို့အားလုံး ကံကောင်းတယ်လို့ ဆိုရမှာဖြစ်ကြောင်း၊ ဖမ်းဆီးခံနေရသူတွေဟာ တရားဥပဒေနဲ့ အညီ အရေးယူမှုကို အခု ရင်ဆိုင်နေရပြီ ဖြစ်ကြောင်းပြောပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အခုလို ခြိမ်းခြောက်ရန်ပြုရန် ကြံစည်ခဲ့မှုကို မိမိတို့ ရှင်းလင်းပြတ်သားစွာ ပြစ်တင်ရှုတ်ချကြောင်း၊ ဒါဟာ အာဏာရှင်ခေါင်းဆောင်တွေနဲ့ သူတို့နောက်လိုက်တွေက အမေရိကန် ပြည်ထောင်စု အပါအဝင် ကမ္ဘာအနှံ့အပြားရှိ သူတို့ကို ဆန့်ကျင်လုပ်ကိုင် ပြောကြားရဲသူတွေ၊ လူ့အခွင့်အရေး သမားတွေနဲ့ စာနယ်ဇင်း သမားတွေကို ဖိနှိပ်ခြေမှုန်းဖို့ ကြိုးစားတဲ့ အဖျက်အမှောင့် လုပ်ရပ်ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

ကမ္ဘာတစ်လွှားက ဖိနှိပ်ချုပ်ချယ်သူ အာဏာရှင်တွေ အနေနဲ့ ကမ္ဘာကြီးရဲ့ ပစ်တင်ရှုတ်ချမှုနဲ့ ရင်ဆိုင်ကြုံတွေ့ ရမှာ ဖြစ်သလို သူတို့ရဲ့ ကျူးလွန်ခဲ့မှုတွေအတွက် အပြည့်အဝ တာဝန်ခံရမှာ ဖြစ်ကြောင်း၊ မိမိတို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ အခုလို အာဏာရှင်တွေရဲ့ လုပ်ရပ်မျိုးကို အမေရိကန်ပြည်ထောင်စု နယ်မြေအတွင်း သာမက တခြားဒေသတွေမှာပါ လက်ခံမှာမဟုတ်ကြောင်း နဲ့ ကုလသမဂ္ဂအပါအဝင် မိမိတို့ရဲ့ မဟာမိတ်တွေ လုပ်ဖော်ကိုင်ဘက်တွေ ပူးပေါင်းပြီး နိုင်ငံတကာက အာဏာရှင်တွေရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကို ဆက်လက် ဆန့်ကျင် အရေးယူသွားမှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးလ်ဒ် က ပြောကြားလိုက်ပါတယ်။