ဟားခါး၊ မင်းတပ် တိုက်ပွဲ စစ်သား ၁ဝ ဦး ထပ်မံကျဆုံး၊ ဒေသခံ သုံးသောင်းခွဲခန့် ထွက်ပြေးနေရ

ခင်ခင်အိ(ဝါရှင်တန် ဒီစီ)
2021.05.20

ချင်းပြည်နယ် ဟားခါးနဲ့ မင်းတပ်မြို့နယ်တွေမှာ မေလ ၁၈ နဲ့ ၁၉ နှစ်ရက်တာ ကာလအတွင်း တိုက်ပွဲ ငါးကြိမ်ဖြစ်ခဲ့ပြီး စစ်တပ်ဘက်က ၁၀ ဦးထက်မနည်း ထပ်မံသေဆုံးပြီး ၂၀ ခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ CDF က ပြောပါတယ်။

တစ်ဘက်မှာလည်း စစ်ကောင်စီက နှိမ်နှင်းမှုတွေကြောင့် ဒေသခံ နှစ်သောင်းနီးပါး တောတောင်တွေထဲ ထွက်ပြေးနေကြရသလို တစ်သောင်းခွဲကျော်လည်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးနေကြ ရပါတယ်။

ချင်းပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီကို အမဲလိုက်တူမီးသေနတ်တွေနဲ့ တော်လှန်တိုက်ခိုက်မှုတွေ ပြင်းထန်လာနေပြီး ဟားခါးနဲ့ မင်းတပ်မြို့နယ်တွေမှာဆိုရင် မေလ ၁၈ နဲ့ ၁၉ ရက်တွေမှာ တိုက်ပွဲ ငါးကြိမ်လောက်ဖြစ်ခဲ့တယ်လို့ ချင်းဒေသခုခံကာကွယ်ရေးအဖွဲ့ Chinland Defense Force – CDF က RFA ကို ပြောပါတယ်။

ဟားခါးမြို့နယ်မှာ အဲဒီ နှစ်ရက်အတွင်း တိုက်ပွဲ လေးကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ခုနစ်ဦးထက် မနည်း ကျဆုံးခဲ့သလို ၂၀ ခန့်လောက် ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ ဟားခါး CDF အဖွဲ့ရဲ့ ပြန်ကြားရေး အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

“ဟားခါးနဲ့နီးတဲ့ လော့ကလုန်းရွာဆိုတာရှိတယ်။ အဲဒီရွာဘက်ကို ကျွန်တော်တို့ ခဏတဖြုတ်အသွား စစ်ကောင်စီဘက်ကနေ ပစ်ခတ်တာ။ အဲဒီကနေ စတာပေါ့နော်။ ပြီးတော့ ၁၉ ရက် မနက်ပိုင်းမှာကျတော့ ဒီ မတူပီလမ်းကြားမှာ သူတို့နဲ့တွေ့ပြီးတော့ ပစ်ခတ်မှုရှိတယ်။ ဟိုဘက်က ကျဆုံးသွားတာကျတော့ ခုနစ်ယောက်ပါ။ ဒါပေမဲ့ ဒီမနက် သူတို့အတွင်းထဲက ပြောလာတာက ၁၀ ယောက်ကျော်တယ်လို့ ပြောတယ်။ ဒဏ်ရာရတာက ၂၀ ကျော်တယ်”

မေလ ၁၈ ရက်နေ့က ဟားခါး-ထန်တလန် လမ်းမပေါ်မှာရှိတဲ့ ဟားခါးတက္ကသိုလ်အနီးက လုံခြုံရေးဂိတ်၊ ဟားခါးသာရ် ၆ လမ်းဆုံနဲ့ ဟားခါး-ဂန်ဂေါ့လမ်းတွေမှာ တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီး မေလ ၁၉ ရက်နေ့မှာတော့ ညနေ ၅ နာရီနဲ့ ၆ နာရီကြားအချိန်မှာ ဟားခါး-မတူပီ လမ်းမတစ်နေရာမှာဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ဟားခါး CDF အဖွဲ့ရဲ့ ဆိုင်ကယ်အစီး ၃၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးလိုက်ကြ တယ်လို့လည်း ဟားခါး CDF အဖွဲ့က ပြောပါတယ်။

ပြောက်ကျားနည်းနဲ့ တိုက်ခိုက်တာဖြစ်လို့ CDF အဖွဲ့ဘက်ကတော့ ထိခိုက်တာမရှိဘူးလို့ ဆိုပါတယ်။

အလားတူ မင်းတပ်မြို့ကနေ မတူပီမြို့ကိုသွားရာလမ်း မိုင်တိုင် ၄၀ နဲ့ ၅၀ ကြားမှာလည်း မနေ့က မေလ ၁၉ ရက်နေ့မှာ မင်းတပ် CDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ခိုက်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တပ်ကြပ်တစ်ဦး အပါအဝင် သုံးဦး သေဆုံးတယ်လို့ မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ဒီနေ့ညနေပိုင်းအထိ တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားတာ မတွေ့ရသေးပါဘူး။

မေလ ၁၈ ရက်နေ့ညက ဟားခါးမြို့နဲ့ ၁၂ မိုင်ခန့်အကွာ လော့ကလုန်းရွာမှာဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုနောက်ပိုင်း ရွာမှာရှိတဲ့ ဒေသခံ ၃၀၀ ကျော်ဟာ နီးစပ်ရာတောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

ချင်းပြည်နယ် ဟားခါးမြို့အပါအဝင် မင်းတပ်၊ ထန်တလန်၊ ကန်ပက်လက် စတဲ့မြို့နယ်တွေမှာ အခုလို ဒေသတွင်းက နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသူပေါင်း နှစ်သောင်း နီးပါးလောက်ရှိနိုင်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့ ဒုတိယ အမှုဆောင်ဒါရိုက်တာ ဆလိုင်း ဇအုပ်လိန်း ကပြောပါတယ်။

“အဓိကတော့ ပစ်ခတ်မှုတွေရှိလို့ရှိရင် စစ်သားတွေက တစ်အိမ်ချင်းစီ လိုက်ရှာပြီးတော့ လူတွေကို လိုက်ဖမ်းနေတာတို့ အများကြီး လုပ်တာရှိတယ်။ အဓိက သူတို့ဦးတည်တာက လူငယ်တွေကိုလုပ်နေတော့ ရွာတွေဆီကို ထွက်ပြေးကြရတယ်။ ပြီးတော့ အိန္ဒိယနယ်စပ်ဘက်ကိုလည်းသွားတယ်။ အဲလိုမျိုး ထွက်ပြေး တိမ်းရှောင်တာရှိတယ်။ အဓိကက ကျွန်တော်တို့ ဒီမင်းတပ်ဘက်မှာဖြစ်တဲ့ဟာက ပိုများတော့ မင်းတပ် မြို့ထဲကနေ ထွက်ပြေးတိမ်းရှောင်တဲ့လူတွေက ရှစ်ထောင်ထက်မနည်းရှိတယ်။ တစ်ခြားမြို့နယ်တွေနဲ့ ပေါင်းလိုက်ရင်တော့ တစ်သောင်းနဲ့ နှစ်သောင်းကြားလောက်ရှိမယ်”

ချင်းပြည်နယ်မှာ စစ်အာရှင်ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက စတင်ဖမ်းဆီးခဲ့တဲ့ ပြီးခဲ့တဲ့ မတ်လ လောက်ကပင် ထွက်ပြေးတိမ်းရှောင်သူတွေရှိခဲ့တာဖြစ်ပြီး အခုတိုက်ပွဲတွေ ပြင်းထန်လာပြီးနောက် ပိုများလာတာလို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

နှစ်နိုင်ငံနယ်စပ်ကို ဖြတ်ကျော်ပြီးတော့ အန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးရောက်ရှိနေသူ မနေ့က အထိ တစ်သောင်းခွဲကျော်လောက်ရှိနေတယ်လို့လည်း ဆိုပါတယ်။

မြန်မာပြည်က ထွက်ပြေးတိမ်းရှောင်လာသူတွေကို ကြိုဆိုပေမယ့် သူတို့ဟာ တရားမဝင်နည်းလမ်းတွေနဲ့ ရောက်လာကြတာဖြစ်တဲ့အတွက် အကူအညီတွေပေးဖို့ မီဇိုရမ်ဒေသအစိုးရက ဗဟိုအစိုးရကို တင်ပြထား တယ်လို့ သိရကြောင်းလည်း ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ ဒုတိယ အမှုဆောင်ဒါရိုက်တာ ဆလိုင်း ဇအုပ်လိန်း က ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေရာယူထားတဲ့ ချင်းပြည်နယ် မင်းတပ်မြို့မှာတော့ မြို့အဝင်အထွက်တွေကို တင်းကျပ်ထားတဲ့ကြားက နီးစပ်ရာကို နည်းလမ်းအမျိုးမျိုးနဲ့ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောတောင်တွေထဲက နေရာအသီးသီးကို ပြန့်ကြဲရောက်ရှိနေတဲ့ ဒေသခံတွေကို စုရပ်နေရာတွေမှာထားရှိဖို့ ဆောင်ရွက်နေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းတပ်မြို့ခံတစ်ဦးက ပြောပါတယ်။

“စစ်တပ်ဘက်က ပစ်ခတ်မှုပေါ့နော် မြို့တွင်းမှာ စစ်မြေပြင်သုံးလက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ။ အဲလို ပစ်ခတ်လာတဲ့အချိန်မှာ မြို့တွင်းမှာနေတဲ့သူတွေက သူတို့အိမ်ခေါင်မိုးပေါ်မှာ ကျည်ကျတယ်၊ သူတို့ အိမ် ဘေးနားတွေမှာ ဗုံးဆံတွေကျတယ်။ အဲဒီခါကျတော့ သူတို့မြို့ပေါ်မှာနေလို့ အဆင်မပြေဘူး။ ရတဲ့နည်းနဲ့ ထွက်ပြေးကြတယ်။ အိမ်ထဲမှာနေရင်လည်း မလုံခြုံဘူးလေနော်။ ထွက်ပြေးလာတဲ့ သူတွေက တောထဲ ရောက်တဲ့ သူကရောက်၊ ရွာဘက်တွေမှာ ရောက်တဲ့သူကရောက်၊ ချောင်းထဲရောက်တဲ့ သူကရောက် အဲဒီအခါကျတော့ ကျွန်တော်တို့ ရွာဘက်က လူငယ်တွေနဲ့ ကယ်ဆယ်ရေး လုပ်ပေးတယ်ပေါ့နော်။ ဒီဘက်က ပရဟိတလူငယ်လေးတွေနဲ့ ပြန်ကယ်ထုတ်ကြတာပေါ့နော်။ အခုကတော့ မြို့တွင်းမှာလည်း တချို့ကတော့ သက်ကြီးရွယ်အိုတွေလည်း ကျန်ခဲ့တယ်။ ပိတ်မိနေသူတွေလည်းရှိနေတယ်”

အခုလောလောဆယ် မင်းတပ်မြို့နယ်က ကျေးရွာ လေးခုမှာ လူပေါင်း ၃၀၀၀ နီးပါးလောက်ကို စုစည်း ထားတယ်လို့ အကူအညီပေးနေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

လတ်တလောမှာတော့ စားနပ်ရိက္ခာတွေ ပို့ဆောင်ဖို့အတွက် လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲ နေတာကြောင့် စားနပ်ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့လည်းဆိုပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရသူတွေအရေး အကူအညီပေးနေတဲ့ မင်းတပ် CDF အဖွဲ့ဝင်တစ်ဦးကတော့ ရှေရှည်မှာ စားနပ်ရိက္ခာနဲ့ အခြားလိုအပ်ချက်တွေကို ကုလသမဂ္ဂအဖွဲ့ကို အကူအညီတောင်းဖို့ ရည်ရွယ် ထားတယ်လို့ ပြောပါတယ်။

“စားနပ်ရိက္ခာကတော့ တချို့အဆင်မပြေဘူးပေါ့နော်။ တချို့ကျတော့လည်း ရိက္ခာမရောက်နိုင်တဲ့ ဟာမျိုးလည်းရှိတော့ ကျွန်တော်တို့လည်း စစချင်း အခုလူစုနေရတုန်းမှာ ရိက္ခာပို့ရတယ်ဆိုတဲ့ ဥစ္စာမျိုး တွေက သိပ်အဆင်မပြေတော့ အဲဒါကို ကျွန်တော်တို့ တတ်နိုင်သလောက်တော့ အဲမှာရှိတဲ့ ရွာဘက်တွေကို ပို့တော့ပို့ပေးနေတယ်။ တချို့ကျတော့လည်း သူတို့ဆီကိုမရောက်သေးတာ၊ လက်လှမ်း မမီနိုင်သေးတာမျိုး တွေလည်း ရှိနေတာအများကြီးပဲ။ အဓိကကတော့ ကျွန်တော်တို့ UNHCR ကနေ ပြီးတော့မှ အသိအမှတ်ပြု ပေးဖို့အတွက်ကို ကျွန်တော်တို့က ကြိုးစားရဦးမယ်ဗျ”

အာဏာသိမ်းစစ်ကောင်စီကို အမဲလိုက်တူမီးသေနတ်တွေနဲ့ တော်လှန်တိုက်ခိုက်ရာမှာ မင်းတပ်မြို့နယ်ဟာ အပြင်းထန်ဆုံးဖြစ်သလို အရပ်သားထိခိုက်မှုအများဆုံး မြို့နယ်တစ်ခုလို့လည်း ဒေသခံတွေက ပြောပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ပြောရေးဆိုခွင့်ရှိသူရဲ့ မေလ ၁၇ ရက်နေ့က သတင်းစာ ရှင်းလင်း ပွဲမှာ မင်းတပ်မြို့မှာ ပြီးခဲ့တဲ့ရုံးပိတ်ရက်တွေမှာ လူခြောက်ဦး သတ်ဖြတ်ခံရတာ အပါအဝင် မတရား ဖမ်းဆီး ထိန်းသိမ်းထား ခံရသူတွေရှိနေတယ်လို့ သတင်းပေးလာတာတွေရှိပြီး ဒါကို ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက စုံးစမ်းစစ်ဆေးနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့အဆိုအရ စစ်တပ်က နိုင်ငံအာဏာကို သိမ်းယူလိုက်တဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ မြန်မာနိုင်ငံမှာ ဒါဇင်နဲ့ချီတဲ့ကလေးငယ်တွေ အပါအဝင် အနည်းဆုံး အရပ်သား ၇၉၇ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့ကြသလို ထောင်ပေါင်းများစွာထက်ပိုတဲ့ အရပ်သားတွေဟာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့လည်းဆိုပါတယ်။

ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ မြန်မာစစ်ကောင်စီဘက်က တုံ့ပြန်ပြောဆိုတာ မတွေ့ရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။