လက်ပန်တောရွာ စီးနင်းခံရမှု သေဆုံးသူ ၁၂ ဦး ရှိလာ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် လက်ပန်တောရွာကို စစ်ကောင်စီတပ်က ဝင်ရောက် စီးနင်းခဲ့ပြီးနောက်ပိုင်း ဒီနေ့အထိ သေဆုံးတဲ့ အရပ်သား ၁၂ ဦးအထိ ရှိလာနေပြီး နောက်ထပ် လူသုံးဦးလည်း ပျောက်ဆုံးနေတယ်လို့ လက်ပန်တောရွာခံတွေက RFA ကို ဒီနေ့ ညနေက ပြောပါတယ်။

သေဆုံးတဲ့သူတွေက မတ်လ ၈ ရက်နေ့ လက်ပန်တောရွာကို ဝင်ရောက်စီးနင်းစဉ် စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်သေဆုံးတဲ့သူတွေ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အလောင်းတွေ့တာက မနေ့ကထိ ၁၂ လောင်း ဖြစ်သွားပြီ။ ပြီးတော့ ပျောက်နေတဲ့ ရွာသား သုံးယောက် ရှိသေးတယ်။ သူတို့ရဲ့ သတင်းအစအနတော့ ဘာမှ မရသေးဘူး”

ကနဦးသေဆုံးသူဟာ ၁၁ ဦးဖြစ်ပေမယ့် မနေ့က ဘုန်းကြီးကျောင်းဝင်းထဲမှာ သေဆုံးနေတဲ့ သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းကို ထပ်မံတွေ့ရှိခဲ့တာလို့ သူက ပြောပါတယ်။

ပျောက်ဆုံးနေသူတွေကတော့ လက်ပန်တောရွာသား ဦးသိန်းလွင်၊ ကိုဖိုးချိုနဲ့ ကိုဝင်းကိုတို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။

လက်ပန်တောရွာဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မတွေ့ရသေး ပါဘူး။

ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

ဒီနေ့ မနက်မှာတော့ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ သီးကုန်းရွာနဲ့ အိုးဘိုရွာအကြားမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အိုးဘိုရွာမှာ စစ်ကောင်စီက တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ မတ်လ ၈ ရက်နေ့ကစလို့ လက်ပန်တော၊ ကံသာ၊ ရှမ်းရွာ၊ သီးကုန်းနဲ့ အခု အိုးဘို ရွာတို့ကို ဝင်ရောက်စီးနင်းခဲ့ပြီး နေ့စဉ်လိုလို ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေလည်း ဖြစ်ပွားနေတာပါ။

ကံသာ၊ လက်ပန်တော၊ ရှမ်းရွာ၊ သီးကုန်း၊ အုန်းတော၊ ရွှေညောင်ပင်၊ ပြန်လက်၊ အိုးဘို စတဲ့ ရွာတွေက ဒေသခံ တစ်သောင်းလောက်ဟာလည်း ဒီနေ့ထိ ရွာတွေကို မပြန်ရဲကြသေးဘဲ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။