ဒေါ်အောင်ဆန်းစုကြည် အထူးအယူခံမှု စီရင်ချက်အမြန်ချဖွယ်ရ
2010.10.29
ဒေါ်အောင်ဆန်းစုကြည်၏ အယူခံကို တရားရုံးက ပယ်ချသော ၂၀ဝ၉ အောက်တိုဘာ ၂ ရက်နေ့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာစစ်အစိုးရ သံရုံးရှေ့တွင် ကန့်ကွက်ဆန္ဒပြနေသူများ ဖြစ်ပါသည်။ (Photo: AFP)
ှအောက်တိုဘာ ၂၉ ရက် ဒီကနေ့ မနက်ပိုင်းက နေပြည်တော်မှာရှိတဲ့ တရားရုံးချုပ်မှာ နှစ်ဖက်ရှေ့နေများ လျှောက်လဲချက် ပေးကြတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“၁၀ နာရီ စပါတယ်၊ နေပြည်တော်မှာ၊ ၁၂ နာရီခွဲ ၁ နာရီလောက်မှာ ကျွန်တော်တို့ ပြီးပါတယ်။ ရုံးချိန်း ထပ်မပေးပါဘူး။ အမိန့်ကို ကျွန်တော်တို့ စောင့်မယ်။ အမိန့်ကလည်း နေပြည်တော်မှာပဲ ချမယ်။ တရားရုံးချုပ်ရဲ့ ကျင့်စဉ်အရ သူ အဆင်သင့် ဖြစ်တဲ့အချိန် ချမှာ။ ဒါပေမဲ့ ကျွန်တော် ခန့်မှန်းခြေပေါ့၊ ကျွန်တော် ကိုယ်တိုင် ခန့်မှန်းခြေက သိပ်တော့ မကြာဘူးလို့ ထင်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် ရှေ့နေဦးကြည်ဝင်းက လျှောက်လဲချက်ပေးပြီး ဒေါ်ခင်ခင်ဝင်းနဲ့ သမီး ဒေါ်ဝင်းမမတို့ အမှုအတွက် ရှေ့နေ ဒေါ်ခင်ဌေးကြွယ်က လျှောက်လဲချက် ပေးခဲ့တာပါ။
တရားလိုဖက်က ရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူးတဦးက လျှောက်လဲချက် ပေးတာဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒီအမှုအတွက် တရားသူကြီး ဦးအောင်တိုးနဲ့ တခြား တရားသူကြီး နှစ်ဦး၊ စုစုပေါင်း တရားသူကြီး ၃ ဦးက လျှောက်လဲချက်တွေကို ကြားနာတာ ဖြစ်တယ်လို့ သိရပါတယ်။









