ကျောက်မျက်ရန်ပုံငွေ ပျောက်ဆုံးမှု စုံစမ်းရေးကော်မတီဖွဲ့

ပျောက်နေတဲ့ ကျောက်မျက်အသင်းရန်ပုံငွေ ယူရို ၈၆ သန်းထဲက အသင်းချုပ်ကို ပေးအပ်ထားတယ်ဆိုတဲ့ ငွေသုံးစွဲမှု အပိုင်းအတွက် စုံစမ်းစစ်ဆေးဖို့ ကြီးကြပ်ရေးကော်မတီတစ်ရပ်ကို အသင်းချုပ်ဝင် ပုဂ္ဂိုလ် ၈ ဦးနဲ့ မနေ့က ဖွဲ့စည်း လိုက်တယ်လို့ သိရပါတယ်။

အဲ့ဒီဦးဆောင်ကော်မတီအောက်မှာ စာရင်းစစ်တွေ၊ ဥပဒေပညာရှင်တွေ ဆောက်လုပ်ရေး အင်ဂျင်နီယာတွေ ပါဝင်လာမယ်လို့ ကျောက်မျက်လုပ်ငန်းရှင်များအသင်းရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးကျော်ကျော်ဦး က RFA ကိုပြောပါတယ်။

"ကျနော်တို့ အသင်းချုပ်က ကော်မရှင်ဖွဲ့ပြီး စစ်မယ်၊ ကျနော်တို့ အသင်းချုပ်က ဖွဲ့မယ့်ဟာတော့ ဖွဲ့ဖြစ်တယ်၊ အသင်းထဲက လူ ၈ ယောက်ကို ကြီးကြပ်ရေးကော်မတီ ဆိုပြီးတော့ ဖွဲ့လိုက်တယ်၊ အဲ့ဒီကော်မတီ ၈ ယောက် ရဲ့အောက်မှာ စာရင်းစစ်တွေ ၅ ယောက်လောက်ထားမယ်၊ နောက်ပြီးတော့ အင်ဂျင်နီယာကောင်စီကနေ ပြီးတော့ ၃၊ ၄ ယောက်လောက်ငှားမယ်၊ ပြီးတော့ ရှေ့နေများကောင်စီကနေပြီးတော့ ၃ ယောက်လောက် ငှားမယ်၊ ငှားပြီးတော့ အဲ့ဒီဟာကိုစစ်မယ်၊ အသင်းထဲကကိစ္စကို စစ်မှာပေါ့နော်"

ဒါ့အပြင် ယူရိုငွေ ၄၄ သန်း ကုန်ကျခံတည်ဆောက်ထားတယ်ဆိုတဲ့ နေပြည်တော် ကျောက်မျက်ပြပွဲ အဆောက်အဦကိုလည်း သတ္တုတွင်းဝန်ကြီးဌာန လက်အောက်မှာမထားဘဲ၊ ကျောက်မျက်အသင်းချုပ် လက်အောက်ကို ပြန်လွှဲပြောင်းပေးအောင် တောင်းဆိုမယ်လို့ ဦးကျော်ကျော်ဦး က ပြောပါတယ်။

ကျောက်မျက်ပြပွဲကျင်းပရေး ဗဟိုဘက်ကိုပေးထားတဲ့ ရန်ပုံငွေနဲ့ ပတ်သက်လို့ စစ်ဆေးမယ့်ကိစ္စကိုတော့ ပြည်ထဲရေး ဌာန၊ ဘဏ္ဍာရေးဌာနနဲ့ စာရင်းစစ်ချုပ်ရုံးက ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းသင့်တယ်လို့ သူရဦးရွှေမန်းက သမ္မတဆီ အကြံပြု တင်ပြထားတယ်လို့ ပြောပါတယ်။