ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးအကြိမ် လူကိုယ်တိုင် တရားရုံးထုတ်စစ်ဆေးမည်
2021.05.10
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လာမယ့် မေလ ၂၄ ရက်နေ့ ရုံးချိန်းမှာ ပထမဆုံးအကြိမ်အဖြစ် လူကိုယ်တိုင် ရုံးထုတ်စစ်ဆေးမယ်လို့ တရားရုံးက ဒီကနေ့ ဆုံးဖြတ်လိုက်ကြောင်း အမှုလိုက်ရှေ့နေ ဦးခင်မောင်ဇော်က RFA ကိုပြောပါတယ်။
နိုင်ငံတော်တရားရုံးချုပ်ရဲ့ ညွှန်ကြားချက်အရ အထူးတရားရုံးတစ်ရုံးဖွဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လူကိုယ်တိုင်ရုံးထုတ်စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့တာလို့ဆိုပါတယ်။
အဲ့ဒီအထူးတရားရုံးဟာ နေပြည်တော် ဇဗ္မူသီရိမြို့နယ် ဇေယျာသိဒ္ဒိရပ်ကွက်က မြနန်းဘုံသာလမ်းနားမှာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်နားမှာလို့လည်း ရှေ့နေကပြောပါတယ်။
အဲ့ဒီလို လူကိုယ်တိုင်ရုံးထုတ်စစ်ဆေးချိန်မှာ ရှေ့နေတွေနဲ့ သီးသန့်တွေ့ခွင့်ပေးဖို့ တရားသူကြီးဆီကို အမှုလိုက်ရှေ့နေတွေက ဒီကနေ့ တင်ပြခဲ့ပေမယ့် တိကျတဲ့အဖြေမရသေးဘူးလို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။
"လွတ်လွတ်လပ်လပ်တွေ့နိုင်လား၊ မတွေ့နိုင်လားဆိုတာ ကျနော်တို့ သေချာမသိသေးဘူး၊ လူကိုယ်တိုင်ရုံးထုတ်တဲ့ ထောင်ထဲမှာ ရုံးထုတ်တဲ့အမှုတွေကတော့ လွတ်လွတ်လပ်လပ်မတွေ့နိုင်ဘူး၊ တရားသူကြီးလာမှရုံးထုတ်လေ့ရှိပြီး၊ တရားသူကြီးစစ်ပြီးတာနဲ့ စကားပြောခွင့်တွေဘာတွေ မရှိဘဲ ပြန်ခေါ်သွားတာပဲ၊ အဲ့ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရှေ့မှာတင်ကို လူချင်းတွေ့ခွင့်ပေးဖို့ တရားသူကြီးကို မေတ္တာရပ်ခံထားတယ်၊ ဘာမှတော့ တရားသူကြီးဘက်က ပြန်ပြောတာမရှိသေးဘူး"
ဒေါ်အောင်ဆန်းစုကြည်နဲ့ လူချင်းတွေ့ခွင့်ရဖို့ အမှုလိုက်ရှေ့နေတွေက တစိုက်မတ်မတ်တောင်းဆိုလာတာဖြစ်ပါတယ်။
ရှေ့နေတွေနဲ့ တွေ့ဆုံခွင့် ပေး၊မပေးဆိုတာကို ဒီကနေ့ ပုံမှန် အွန်လိုင်းစနစ်နဲ့ ရုံးထုတ်ချိန်မှာ အဆုံးအဖြတ်တစ်ခု ချမှတ်ရမှာဖြစ်ပေမယ့် ရုံးထုတ်လာရောက်တဲ့ ရဲကို တရားသူကြီးက မေးမြန်းချိန်မှာ အထက်အဆင့်ဆင့်ကို တင်ပြထားတယ်လို့ ထွက်ဆိုတာကြောင့် ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ချနိုင်ခဲ့ခြင်းမရှိပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးနဲ့ ကိုဗစ်ရောဂါပိုးကူးစက်ခံရနိုင်ဖွယ်အခြေအနေတွေကြောင့် ရှေ့နေတွေနဲ့ တွေ့ခွင့်မပေးတာလို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက နိုင်ငံခြားသတင်းဌာနတစ်ခုနဲ့ အင်တာဗျူးမှာပြောထားပါတယ်။
အမှုလိုက်ရှေ့နေအဖွဲ့ ခေါင်းဆောင် ဦးခင်မောင်ဇော်ကတော့ ဒီပြောဆိုချက်ကို လက်မခံဘဲ ရှေ့နေနဲ့ စွပ်စွဲခံရသူ တွေ့ဆုံနိုင်ရေးဟာ ဥပဒေကြောင်းအရ စွပ်စွဲခံရသူရဲ့ အခွင့်အရေးဖြစ်တယ်လို့ဆိုပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲချက်အမျိုးမျိုးနဲ့ တစ်မှုပြီးတစ်မှု ထပ်တိုးတရားစွဲလာတာဖြစ်ပြီး နေပြည်တော်မှာ စွပ်စွဲခံထားရတဲ့ အမှု ၆ မှုနဲ့ ရန်ကုန်မှာ ၁ မှု ရှိတယ်လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့ အမှုတွေကတော့ … လိုင်စင်မဲ့ Walkie-talkie လမ်းလျှောက်စကားပြောစက် လက်ဝယ်တွေ့ရှိမှု၊ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်စည်းကမ်းတွေ ဖောက်ဖျက်မှု၊ ဆက်သွယ်ရေးဥပဒေ ချိုးဖောက်မှု၊ အများပြည်သူ မငြိမ်မသက် ဖြစ်အောင်ကြံရွယ်မှုနဲ့ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေတို့ ဖြစ်ပါတယ်။
အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဟာ ထောင်ဒဏ်ဆယ့်လေးနှစ်ထိ ချမှတ်နိုင်ပါတယ်။









