ဒီ နှီးနှောဖလှယ်ပွဲကို အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)၊ တစညပါတီ၊ ချင်းအမျိုးသားပါတီနဲ့ ရခိုင်အမျိုးသား တိုးတက်ရေးပါတီက ခေါင်းဆောင်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။
နှီးနှောဖလှယ်ပွဲကို မေလ ၂၁ ရက်ကနေ ၂၅ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံက နိုင်ငံရေးပါတီ ခေါင်းဆောင်တွေအပြင် အာဆီယံနိုင်ငံ ၃ နိုင်ငံက နိုင်ငံရေးပါတီ ခေါင်းဆောင်တွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။
သြစတြေးလျအမျိုးသားတက္ကသိုလ် နှီးနှောဖလှယ်ပွဲမှာ ဆွေးနွေးမယ့် အကြောင်းအရာနဲ့ ပတ်သက်ပြီး ဒီမိုကရက်တစ် (မြန်မာပြည်) ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်သန်းသန်းနုက အခုလိုပြောပါတယ်။
" သူတို့ကတော့ ကိုယ့်ရဲ့ပါတီနဲ့ ပတ်သက်တဲ့ လုပ်ငန်းဆောင်တာတွေ၊ ကိုယ့်ရဲ့ပါတီရဲ့လိုအပ်ချက်တွေ ဘာတွေရှိနေသလဲ၊ လုပ်ရကိုင်ရတာ စည်းရုံးရေးအတွက် ဘာတွေအခက်အခဲရှိနေသလဲ၊ အဲတာမျိုးတွေ တင်ပြဆွေးနွေးဖို့ပေါ့။ ဘာကြောင့်လဲ ဆိုတော့ တခြားနိုင်ငံကလာမှာလည်း အဲဒီလိုပဲ၊ အမြင်ချင်း ဖလှယ်ကြမယ်ပေါ့နော်။ အဲ ပြီးတဲ့အခါကျတော့ ကိုယ့်နိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အခြေအနေပေါ့။ ကျွန်မတို့ဆီမှာကတော့ ပြောစရာလေးတွေ အများကြီးရှိတာပေါ့လေ၊ ဘာကြော့င်လဲဆိုတော့ အခု ကျွန်မတို့ကအပြောင်းအလဲ၊ အဲဒီအပြောင်းအလဲက လက်တွေ့မှာ ပြည်သူတွေက ဘယ်လောက်ထိ ခံစားနေရသေးသလဲ၊ ဘာကြောင့်လဲဆိုတော့ ဒီပြည်သူတွေက အခုချိန်ထိဆိုရင် သူတို့ကအပြောင်းအလဲမှာ သူတို့တကယ် အကျိုးမခံစားရသေးဘူးပေါ့။ အဲဒီဥစ္စာတွေကို ကျွန်မတို့က ဆွေးနွေးတင်ပြရမှာပေါ့"
နိုင်ငံရေးပါတီ ခေါင်းဆောင်တွေဟာ မေလ ၁၈ ရက်နေ့ မြန်မာနိုင်ငံက ထွက်ခွာကြမှာဖြစ်ပြီး အဲဒီထဲမှာ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက ဒေါက်တာသန်းငြိမ်း၊ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) က ဒေါ်သန်းသန်းနု၊ တစညပါတီက ဦးသိန်းထွန်း ၊ ချင်းအမျိုးသားပါတီက ပူးဇိုဇမ်၊ ရခိုင်အမျိုးသား တိုးတက်ရေးပါတီက ဦးလှစောတို့ တက်ရောက်မှာ ဖြစ်ပါတယ်။
