ဒဂုံဆိပ်ကမ်းမှာ ကျူးကျော်နေအိမ် ၁၄၀၀ ဖယ်ရှားပေးဖို့ အမိန့်ထုတ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ၉၃ ရပ်ကွက်မှာရှိတဲ့ ကျူးကျော် အိမ်ခြေ ၁၄ဝဝ ကျော် ကို မနက်ဖြန် နောက်ဆုံးထားဖယ်ရှားပေးဖို့ မြို့နယ် အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ထားပါတယ်။

မနက်ဖြန် နောက်ဆုံးထားပြီး မဖယ်ရှားပေးတဲ့ နေ အိမ်တွေကို ဥပဒေနဲ့အညီ ဝင်ရောက်ဖယ်ရှား မှာဖြစ်ကြောင်း အမိန့်စာမှာ ဖော်ပြထားတယ်လို့ ၉၃ ရပ်ကွက် ဥက္ကဌ ဦးလှကြည်က ပြောပါတယ်။

"သူတို့ပိုင်မြေမဟုတ်တော့ လုပ်ထုံးလုပ်နည်းနဲ့အညီ အသိပေးစာပေးပြီးတော့ မြေပေါ်ကဖယ်ရှားပေးဖို့ ဆိုပြီးအမိန့်ထုတ်တယ်၊ သတ်မှတ်ထားတဲ့ရက်မှာ မဖယ်ပေးဘူးဆိုရင် မိမိတို့၏အစီအစဉ်ဖြင့် ဖျက်သိမ်းပြောင်းရွှေ့ ရှင်းလင်းပေးရန်အတွက် ဒီအမိန့်စာကို ပျက်ကွက်ခဲ့လျှင် မြေပေါ်ရှိ အဆောက်အဦးအစရှိသည်တို့ကို အက်ဥပဒေပုဒ်မ ၂၁/၁ (၁) တွင် ပြဌာန်းထားသည့်အတိုင်း ရုံးမှအရေးယူပြီးလျှင် ကျူးလွန်နေထိုင်သူများမှာ တာဝန်နှင့် ကုန်ကျစရိတ်ခံစေပြီး ဖျက်သိမ်းရှင်းလင်းရမည်ဖြစ်ကြောင်း အကြောင်းကြားပါသည်"

အရင်က အဲဒီ့မြေနေရာမှာ လယ်ယာမြေတွေနဲ့ ဓနိတောတွေသာရှိပြီး အစိုးရက လွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ်မှာ ယုဇနကုမ္ပဏီထံ မြေနေရာငှားရမ်းထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ယုဇနကုမ္ပဏီက ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်အထိ တစ်စုံတစ်ရာအကောင်အထည် ဖော်ဆောင်ရွက်ခြင်း မရှိတာကြောင့် လူဦးရေ ၅ ထောင်ကျော်က အဲဒီမြေနေရာမှာ နေအိမ်တွေဆောက်လုပ်ပြီး ဝင်ရောက်နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီနေရာမှာ ဝင်ရောက်နေထိုင်နေကြသူတွေဟာ နာဂစ်မုန်တိုင်းအပြီး ဧရာဝတီ တိုင်းက ရွှေ့ပြောင်းလာသူတွေ၊ ဂီရိမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်က ပြောင်းလာသူတွေနဲ့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် အနီးတစ်ဝိုက်မှာရှိတဲ့ ရပ်ကွက်တွေက မိသားစုဝင်တွေ ဖြစ်ပါတယ်။

အိုးအိမ်ဦးစီးဌာနနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က ဒဂုံဆိပ်ကမ်းမြို့နယ်ကို အဆင့်မြှင့်တင်ဖို့အတွက်ဆိုပြီး အဆင့်မြင့်၊ အဆင့်လတ်နဲ့ အဆင့်နိမ့်အိမ်ရာတွေ ဆောက်လုပ်ဖို့အတွက် ၉၃ ရပ်ကွက်နဲ့ အနီးတဝိုက်မှာ ပြင် ဆင်နေတယ်လို့ သိရပါတယ်။