HIV/AIDS ဂေဟာကို ပိတ်ပစ်ဖို့ စစ်အစိုးရညွှန်ကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တာဝန်ယူထားတဲ့ HIV/AIDS ဝေဒနာသည် ကူညီ စောင့်ရှောက်ရေး ဂေဟာကို စစ်အစိုးရ အာဏာပိုင်တွေက ပိတ်ပစ်ဖို့ အမိန့်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။

2010.11.19
aids_patient_nld_305_z.jpg အေ့ဒ်စ်ရောဂါ ဖြစ်ပွားနေသော ဝေဒနာရှင်တဦးကို ရန်ကုန်မြို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးတွင် ပြုစုစောင့်ရှောက်သူ အဒေါ်ကြီးတဦးက အစားအစာ ခွံ့ကျွေးနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အန်အယ်လ် ဗဟိုကော်မတီဝင် မဖြူဖြူသင်း ဦးဆောင်ပြီး ဝေဒနာသည်တွေကို ကူညီ စောင့်ရှောက်နေတဲ့ ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်က နေအိမ်မှာ လူနာတွေကို ဆက်လက် နေထိုင်ခွင့် မပြုတော့ပဲ သာကေတ ဆေးရုံကို ပြောင်းပေးရမယ်လို့ အာဏာပိုင်တွေက နိုဝင်ဘာ ၁၈ ရက် မနေ့က ခေါ်ယူပြောဆိုခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်လို့ HIV/AIDS ဝေဒနာသည် ကူညီစောင့်ရှောက်ရေး တာဝန်ခံ မဖြူဖြူသင်းက ဒီကိစ္စဟာ လုံးဝ မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။

“တကယ် ဖြစ်သင့်တာကတော့ ဒီကိစ္စဟာ မြန်မာပြည်မှာ အရေးကြီးတဲ့ ကိစ္စဖြစ်နေပြီ။ အားလုံးပူးပေါင်း ဆောင်ရွက်ရမဲ့ ကိစ္စမှာ အခုလိုမျိုးပေါ့နော် ဟိုမှာမနေရဘူး ဟိုမှာမထားရဘူး ဆိုတာဟာ ဒါ လူနာတွေရဲ့ ဆုံးဖြတ်ခွင့်၊ သူတို့ရဲ့ လုပ်ပိုင်ခွင့်လို့ မြင်တယ်။ အရင်ကတည်းကလည်း ဒီလိုမျိုး အနှောင့်အယှက်တွေ အမြဲတမ်း ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ အခုလက်ရှိ အခြေအနေကတော့ ဒေါ်အောင်ဆန်းစုကြည် ဒီကို ၁၇ ရက်နေ့က လာခဲ့တယ်၊ နောက်နေ့မှာပဲ သူတို့တွေက ဒီလူနာတွေကို ဖိအားပေးပြီးတော့ ဒီလို ပြောင်းရွှေ့ခိုင်းတာဟာ တကယ့်ကို ထူးခြားတဲ့ တိုက်ဆိုင်မှုတခုလို့ ကျမ မြင်မိပါတယ်” လို့လည်း မဖြူဖြူသင်းက ပြောပါတယ်။

အနယ်နယ်အရပ်ရပ်ကနေ ဆေးလာကုနေရတဲ့ လူနာတွေကို ရပ်ကွက်အာဏာပိုင်တွေကလည်း ဧည့်စာရင်း ထပ်ပြီး ပေးမှာ မဟုတ်တော့ဘူးလို့ ပြောဆိုတဲ့အပြင် လာမဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့ နောက်ဆုံးပြောင်းရမယ်၊ မပြောင်းရင်အရေးယူမယ်လို့ ပြောဆိုကြောင်းသိရပါတယ်။

ဒီပြဿနာကို ရှေ့နေတွေနဲ့ တိုင်ပင်ပြီး ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်သွားဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ညွှန်ကြားခဲ့ပြီး ၊ လူနာတွေအတွက် အထွေထွေ တာဝန်ယူ ဆောင်ရွက်နေတဲ့ ကိုရာဇာကလည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာကို ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့ အသိပေး တင်ပြမယ်လို့ RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။