စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ဘော်ကုန်းရွာမှာ ဩဂုတ်လ ၂ ရက် မနေ့က ရွာသားခြောက်ဦး ဖမ်းဆီးခံရပြီး နေအိမ်တချို့ မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
မနေ့ကမနက်စောစော ၅ နာရီလောက်မှာ စစ်သား ၇၀ ခန့် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီးနောက် ပြန်အထွက်မှာ ရွာသား ခြောက်ဦးကို ဓားစာခံအဖြစ် ဖမ်းသွားတာလို့ ပြောပါတယ်။
ဘော်ကုန်းရွာသားအားလုံး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး မီးရှို့ခံထားရတဲ့ အပျက်အစီးတွေကို ရှင်းလင်းနေဆဲမို့ အဖမ်းခံရသူတွေရဲ့ နာမည်အတိအကျကို စာရင်းမကောက်ယူနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ အားလုံးဟာ အသက် သုံးဆယ်ကနေ ငါးဆယ်ကြားအရွယ် အမျိုးသားတွေလို့ ပြောပါတယ်။
ဖမ်းခံရသူတွေ ပြန်မလွတ်လာသ၍ အသက်ရှင်နေသေးတယ်ဆိုတာကို မျှော်လင့်လို့မရဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့မွန်းလွဲပိုင်းက ပြောပါတယ်။
“တိုက်ပွဲမဖြစ်ဘဲနဲ့ ရွာထဲ လက်နက်ကြီးငယ်တွေနဲ့ ပစ်ဝင်ပြီး အိမ် ၁၀ လုံးကို မီးရှို့သွားတယ်။ မနက် ၇ နာရီလောက်မှာ။ ရွာထဲက ပြန်ထွက်တော့ နွားတစ်ကောင်ရော ဆွဲသွားတယ်။ ရွာသား ခြောက်ဦးကိုလည်း ဓားစာခံအဖြစ် ဖမ်းခေါ်သွားတယ်။ အခုချိန်ထိ ပြန်မလွတ်သေးပါဘူး။ နာမည်တွေလည်း မသိရသေးဘူး။ အကုန်နီးစပ်ရာ ပြေးနေရတော့လေ။ သေလား၊ ရှင်လား ဘယ်သူမှ သဲသဲကွဲကွဲ မသိရသေးဘူး။ ပြန်ရောက်မှပဲ အသက်ရှင်သေးတယ်လို့ သတ်မှတ်လို့ရမှာပေါ့။ ပြန်မရောက်မချင်း ကတော့ မျှော်လင့်လို့ မရတော့ပါဘူး”
ဘော်ကုန်းရွာက ခြောက်ဦးကို စစ်ကောင်စီတပ်က သူတို့ ယာယီအခြေစိုက်ထားတဲ့ နောင်ကြီးအိုင်ရွာဘက်ကို ဖမ်ခေါ်ဆောင်သွားတာတွေ့ရတယ်လို့ သူက ပြောပါတယ်။ စစ်ကောင်စီတပ် ဝင်ရောက်ချိန် နေအိမ် ၁၀ လုံးလည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။
ဘော်ကုန်းရွာကို မစီးနင်းခင် မနက် ၄ နာရီလောက်က နောင်ကြီးအိုင်ရွာရဲ့ အနောက်တောင်ဘက် ခြင်ပင်ရွာ အနီးမှာ ကင်းပုန်းဝပ်နေတဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ် ထိပ်တိုက်တိုးပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“မိနစ်ပိုင်းလေးပဲ တိုက်ပွဲဖြစ်တာပါ။ လက်နက်မမျှလို့ ပြန်ဆုတ်ခဲ့ရတယ်။ ကျွန်တော်တို့ဘက် လူအင်အားက သူတို့ကို အေးဆေးဝိုင်းလို့ရတယ်။ ဒါပေမဲ့ လက်နက်ကျတော့ မမျှဘူးလေ။ ရွာသား ခြောက်ဦးကိုတော့ သူတို့အခြေစိုက်တဲ့ နောင်ကြီးအိုင်ရွာမှာ ဓားစာခံအဖြစ် ဖမ်းထားတယ်။ ဒီနေ့ထိတော့ ပြန်မလွတ်သေးဘူး”
ဒီစီးနင်းမှုကြောင့် ဘော်ကုန်းအပါအဝင် ကျွန်းချောင်း၊ ဥက္ကံ၊ မကျီးကန်၊ လိန်လှ၊ သစ်ချို၊ ထန်းတောကုန်း၊ အိုင်လျှား၊ ဂဲသားမွှေး စတဲ့ ရွာကိုးရွာက ဒေသခံ ရှစ်ထောင်ခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်ရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးစောနိုင်ကို RFA က ဒီနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ် ၂ ရက် မနေ့ကထိ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းက အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထားရသူ ၁၉၆၈၇ ဦး ရှိပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိုနှိုင်းရေးရုံး UN OCHA ရဲ့ ဇူလိုင် နောက်ဆုံးပတ် ထုတ်ပြန်ချက်အရ အာဏာသိမ်းနောက်ဆက်တွဲ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်းမှာ ပြည်တွင်း နေရပ်စွန့်ခွာသူဦးရေ တစ်သန်း ခြောက်သိန်းကျော် ရှိနေပါတယ်။ အရင်ကရှိထားတဲ့ စစ်ဘေးဒုက္ခသည် သုံးသိန်းကျော်နဲ့ ပေါင်းရင် ဇူလိုင် ၂၄ ရက်အထိ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ နှစ်သန်းနီးပါး ရှိနေပါပြီ။