စစ်ကိုင်းတိုင်း မုံရွာက ကိုယ်ဝန်ဆောင် အမျိုးသမီး မအေးငြိမ်းသူကို သတ်ဖြတ်ခဲ့သူ ခုနစ်ဦးကို အမျိုးသားညီညွတ်ရေး အစိုးရ တရားရုံးက အရေးယူဆောင်ရွက်နေကြောင်း မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဩဂုတ် ၂၃ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
မုံရွာမြို့နယ်၊ ထန်းတောကျွန်းဆွယ်ရပ်ကွက် နယ်မြေ ၄ မှာ နေထိုင်တဲ့ အဲဒီကိုယ်ဝန်ဆောင် အမျိုးသမီး နေအိမ်ကို ကျွဲကြီး ဦးဆောင်တဲ့ အဖွဲ့က ဩဂုတ် ၁၀ ရက်နေ့က ဝင်ရောက် ဓားပြတိုက်ပြီး လက်လုပ်သေနတ်နဲ့ ပစ်ခတ်လိုက်တာကြောင့် မိခင်ရော၊ ကလေးပါ သေဆုံးခဲ့တဲ့အမှုဖြစ်ပါတယ်။
ဓားပြမှုနဲ့ လူသတ်မှုကျူးလွန်မှုကို ဦးဆောင်တဲ့ ကျွဲကြီး (ခေါ်) ဘိုငွေ အပါအဝင် ပြုံးကြီး (ခေါ်) ကျော်စိုးထွန်း၊ အောင်ကြီး (ခေါ်) အောင်မြင့်ခိုင်၊ ဘဂျမ်း (ခေါ်) ကျော်သူစံ၊ တက်တူး (ခ) မိုးမင်းထက်၊ ကရင် (ခေါ်) အောင်ဆန်းဦးနဲ့ ကျားလေး (ခေါ်) ဝင်းမင်းထက်တို့ကို နေ့တွင်းချင်းဖမ်းဆီးမိတယ်လို့ မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြစ်မှုကျူးလွန်တဲ့ ဒီခုနစ်ဦးကို ရာဇသတ်ကြီး ပုဒ်မ ၃၉၅/ ၃၉၆/ ၃၉၇ အရ တရားစွဲဆို တင်ပို့ပြီး ရာဇဝတ်ကြီး အမှုအမှတ် ၂၉/ ၂၀၂၃ နဲ့ အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ အသေးစိတ်ကို RFA က မေးမြန်းနိုင်ဖို့ ကြိုးစားနေပါတယ်။