သိမ်းယူလယ်မြေ ပြန်ပေးဖို့ ဧရာဝတီတိုင်း ပြည် သူတွေ တောင်းဆို

ဧရာဝတီတိုင်း ပုသိမ်၊ ကျောင်းကုန်း၊ ပန်းတနော်၊ မအူပင်နဲ့ ညောင်တုန်းမြို့နယ်တွေမှာ သိမ်းယူခံထားရတဲ့ လယ်ယာမြေဧက ၈ ထောင်ကျော် ပြန်လည်ရရှိဖို့အတွက် ဆောင်ရွက်ပေးဖို့ ဒေသခံတောင်သူတွေက တိုင်းအစိုးရအဖွဲ့ထံ တောင်းဆိုခဲ့ပါတယ်။

ဒီနေ့ ပုသိမ်မြို့မှာ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးမန်းဂျော်နီ ဦးဆောင်တဲ့ တိုင်းအစိုးရအဖွဲ့ဝင်တွေနဲ့ ဒေသ ခံတောင်သူတွေ၊ အရပ်ဘက်အဖွဲ့တွေ တွေ့ဆုံစဉ်မှာ တောင်းဆိုခဲ့တာဖြစ်တယ်လို့ ဒေသခံ ဦးမြင့်နိုင် က ပြောပါတယ်။

"ကျနော်တို့ လောလောဆယ်ကိုင်ထားတာပေါ့နော် အမှုပေါင်း ၇ဝ၊ မြို့နယ် ၅ မြို့နယ် အဲ့ဒီမှာတင် ဧက ရှစ်ထောင်ကိုးရာကျော်မယ်၊ ကိုးထောင်နီးပါးလောက် ရှိပါတယ်ခင်ဗျ၊ တောင်သူဦးရေကလည်း ၁၅ဝဝ ဝန်းကျင်လောက်ရှိပါတယ်၊ အခုကတော့ ကျနော်တို့က အားခဲသွားတာပေါ့၊ ကျနော်တို့ လယ်သမားတွေ က တော်တော်ကို ဒုက္ခရောက်နေကြပါတယ်၊ အဲ့ဒီတော့ တချို့တွေဆိုရင် လယ်သမားတွေဘက် က ဖြေရှင်းဖို့အတွက် နည်းလမ်းကောင်းလည်းရမယ်၊ ဝန်ကြီးချုပ်ရဲ့ ဖြေရှင်းပေးတာကိုခံရမယ်၊ သူတို့ဘက်က ဘာပဲပြောပြော ကျေနပ်မယ်ယူဆလို့သွားတာဗျ"

သိမ်းဆည်းခံရတဲ့ လယ်ယာပြဿနာတွေကို ပြည်ထောင်စုအစိုးရရဲ့ ညွှန်ကြားချက်တွေ ဥပဒေတွေနဲ့အညီ ဖြေရှင်းပေး သွားမယ်လို့ ဒေသခံတွေနဲ့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဧရာဝတီတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်းက ပြောပါတယ်။

"တိုင်းအစိုးရအစီအစဉ်နဲ့ပဲ ကျနော်တို့ ဆောင်ရွက်ဖို့ရှိပါတယ်ခင်ဗျ၊ နောက်တစ်ချက်က ပြည်ထောင်စု အစိုးရဖွဲ့ပေးမယ့်အဖွဲ့နဲ့လည်း စီစဉ်ဆောင်ရွက်ဖို့ရှိပါတယ်၊ ကျနော်တို့ နည်းလမ်းတွေ အမျိုးမျိုးရှာနေ ပါတယ်ခင်ဗျ၊ ဒါကတော့ ကျနော်တို့ မြေလွတ်၊ မြေလပ်၊ မြေရှိုင်း ဥပဒေထဲမှာ ပြဌာန်းထားတယ်ဗျ၊ ဖွဲ့စည်းထားတဲ့ လုပ်ငန်းအဖွဲ့နဲ့ အထူးအဖွဲ့ အဲ့ဒီ ၂ ဖွဲ့ ဖွဲ့ပြီးတော့ ဥပဒေနည်းလမ်းနဲ့ပဲ ဖြေရှင်း မှာပေါ့ဗျာ"

ဧရာဝတီတိုင်းမှာ လယ်ယာမြေအငြင်းပွားမှုပြဿနာတွေကြောင့် တရားရင်ဆိုင်နေရတဲ့ တောင်သူ တစ်ထောင်ကျော် ရှိနေပါတယ်။

တွေ့ဆုံပွဲကို ပုသိမ်၊ ကျုံပျော်၊ သာပေါင်း စတဲ့မြို့နယ်တွေက လယ်ယာမြေအသိမ်းခံထားရတဲ့ တောင်သူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ၃ဝဝ လောက် တက်ရောက်ခဲ့ပါတယ်။