ဧရာဝတီမြစ်ရေကြီးမှုကြောင့် လူဦးရေ တစ်ထောင်ကျော် ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံ

ဒီရက်ပိုင်းအတွင်း မိုးကြီးပြီး ဧရာဝတီမြစ်ရေတက်လာတာကြောင့် ဗန်းမော်ခရိုင်က ဒေသခံ တစ်ထောင်ကျော်ဟာ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ယာယီခိုလှုံနေကြရတယ်လို့ သိရပါတယ်။

ရွှေကူနဲ့ ဗန်းမော်မြို့ပေါ်က ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံတွေမှာ လာရောက်ခိုလှုံနေသူတွေဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေးတွေကို ဆောင်ရွက်နေတဲ့ ဗန်းမော်ခရိုင် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဋ္ဌာနမှူး ဦးမြင့်ဋ္ဌေး က ပြောပါတယ်။

"စုစုပေါင်း တခရိုင်လုံး ၁၂၆၈ ဗန်းမော်က ၉၀၁၊ ရွှေကူက ၃၆၇၊ အိမ်ထောင်စုစုစုပေါင်း ၂၈၉၊ ရွှေကူ က ၇၁ စု၊ ဗန်းမော်က ၂၁၈ ။ ဗန်းမော်မှာတော့ ကျနော်တို့ မြို့ပေါ်လေးရပ်ကွက်ပေါ့နော်။ ပေါက် ကုန်းရယ်၊ ညောင်ပင်ရပ်ရယ်၊ မင်းကျောင်းကုန်းရယ်၊ ခွန်သာရယ်။ သူတို့ရွှေ့ပြောင်းထားတဲ့ ဘုန်း ကြီးကျောင်းရှိတယ်။ ဓမ္မာရုံရှိတယ်။ ဒီမနက်တော့ ကျနော်တို့ အကုန်လုံးစုပေါင်းပြီးတော့ ပစ္စည်းတွေထောက်ပံ့တယ်။ နောက်ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်တယ်။"

ရွှေကူနဲ့ ဗန်းမော်မြို့နယ်တွေက ရေဘေးဒါဏ်သင့်ပြည်သူတွေကို နယ်မြေခံတပ်ရင်းတွေ၊ ဋ္ဌာနဆိုင်ရာတွေနဲ့ ပရဟိတအဖွဲ့တွေက ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

ဗန်းမော်မြို့ရဲ့ စိုးရိမ်ရေမှတ်ဟာ ၁၁၅၀ စင်တီမီတာဖြစ်ပြီး ဒီကနေ့ နေ့လည်ပိုင်းမှာ ၁၁၂၄ စင်တီမီတာကို ရောက် ရှိနေပါတယ်။ ဗန်းမော်မြို့ အနိမ့်ပိုင်းရပ်ကွက်တွေထဲ မြစ်ရေဝင်ရောက်နေတာကြောင့် ခွန်သာရပ်ကွက်နဲ့ ဧရာဝတီမြစ်အနောက်ဘက်ကမ်း လက်ပံတန်း၊ ကောင်းဆင့်၊ ရေလဲ စတဲ့ ကျေးရွာတွေက စာသင်ကျောင်းတွေကို ယာယီပိတ်ထားရပါတယ်။

အလားတူ ဧရာဝတီမြစ်ရေဟာ ဒီကနေ့ညနေ ၄ နာရီခွဲ တိုင်းထွာချက်အရ ရွှေကူမြို့ရဲ့ စိုးရိမ်ရေမှတ် ၉၃၀ စင်တီမီတာ ကိုကျော်လွန်ပြီး ၉၆၇ စင်တီမီတာ ကိုရောက်ရှိနေပါတယ်။ ရွှေကူမြို့နယ်က ရေဝင်ရောက်နေတဲ့ အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ ကျေးရွာတွေဘက်ကို မနက်ဖြန်မှာ အခြေခံစားနပ်ရိက္ခာတွေ သွားရောက်ကူညီထောက် ပံ့ဖို့ ပြင်ဆင်နေတယ်လို့ ရွှေကူမြို့နယ်လုံးဆိုင်ရာ နာမှုကူညီရေးအသင်းရဲ့ တွဲဖက်အတွင်းရေးမှူး ဦးတင်သင်း က ပြောပါတယ်။

ဒါ့အပြင် ဗန်းမော်-မန္တလေး လမ်းပေါ် ဗန်းမော်နဲ့ ရွှေကူ အကြား မြလယ်၊ ကောင်းတုံ၊ စင်းခန်း စတဲ့ ရွာတွေအနီး မှာ ရေကျော်နေလို့ သွားလာရေးအခက်အခဲတွေဖြစ်နေပါတယ်။

မြန်မာပြည်မြောက်ပိုင်းမှာ မိုးကြီးနေတာကြောင့် သြဂုတ်လ ၁၁ ရက်နေ့ကစပြီး မြစ်ကြီးနား၊ တာလောကြီး၊ ဆင်ဘို စတဲ့ မြို့ရွာတွေဘက်မှာ ဧရာဝတီမြစ်ရေကြီးခဲ့ပြီး ရေပြန်ကျဆင်းရာမှာ အခုအခါ ဗန်းမော်နဲ့ ရွှေကူ မြို့တွေဘက်ကို မြစ်ရေတွေ ရောက်ရှိလာတာပါ။

နောက်ပိုင်းရက်တွေမှာ ဧရာဝတီမြစ်ရေဟာ မြစ်အောက်ပိုင်းဒေသဘက်ကို ရောက်ရှိမှာဖြစ်တာကြောင့် ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေဟာ ရေကြောင်းခရီးကို သတိပြု သွားလာကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဋ္ဌာနက အသိပေးထားပါတယ်။