မိုးလေပြင်းမှု ၁ဝ ရက်အတွင်း ၂၄ ဦး သေဆုံး
နေပြည်တော်ကောင်စီနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၂ ခုမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့ကစပြီး ၁၀ ရက် အတွင်း မိုးသီးကြွေတာ၊ လေပြင်းတိုက်တာ၊ မိုးကြီးတာနဲ့ မိုးကြိုးပစ် တာတွေကြောင့် နေအိမ် နှစ်သောင်းခွဲကျော် ပျက်စီးခဲ့ပြီး သေဆုံးသူ ၂၄ ဦး ရှိခဲ့ပါတယ်။
-
2016-05-04 -
-
-
နေပြည်တော်ကောင်စီနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၂ ခုမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့ကစပြီး ၁၀ ရက်အတွင်း မိုးသီးကြွေတာ၊ လေပြင်းတိုက်တာ၊ မိုးကြီးတာနဲ့ မိုးကြိုးပစ်တာတွေကြောင့် နေအိမ် နှစ်သောင်းခွဲကျော် ပျက်စီး ခဲ့ပြီး သေဆုံးသူ ၂၄ ဦး ရှိခဲ့ပါတယ်။
ဧပြီလ ၂၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ စာရင်းတွေအရ စစ်ကိုင်း၊ ရှမ်း နဲ့ မန္တလေး စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ပြီး လူ ၂၄ ဦးသေဆုံးခဲ့တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ထွေးကြည် က ပြောပါတယ်။
"အမတို့ ရတဲ့စာရင်းအရတော့ စစ်ကိုင်း၊ မန္တလေး၊ ရှမ်း အများဆုံးပေါ့၊ စစ်ကိုင်းတိုင်းက အိမ်ပြိုတာ ၄၅၉၊ အမိုးလန်တာ ၆၆၇၁၊ သေဆုံး ၉ ဦး၊ နောက်ရှမ်းက ပြိုတဲ့အိမ်က ၆၇၇၊ အမိုးလန်တာ ၆၇၄၄၊ သေဆုံးက ၃ ယောက်၊ မန္တလေး ပြိုကျတာက ၇၁၃၊ အမိုးလန်တာက ၆၃၄၉၊ သေတာက ၉ ယောက် စုစုပေါင်းသေဆုံး ၂၄ ယောက် ရထားတယ်၊ ဒီစာရင်းက ကယ်ဆယ်ရေးက ရရှိတဲ့စာရင်း ၃ဝ ရက် ၄ လအထိပေါ့"
ရန်ကုန်တိုင်းနဲ့ မွန်ပြည်နယ်တို့ကလွဲလို့ ကျန်တဲ့ ပဲခူး၊ မကွေး၊ ရခိုင်၊ ကချင်၊ ချင်း၊ ကယား၊ ကရင်၊ နေပြည်တော်ကောင်စီ၊ ဧရာဝတီ နဲ့ တနသာၤရီ စတဲ့ တိုင်းနဲ့ပြည်နယ် ၁၃ ခုစလုံးမှာ ပျက်စီးဆုံးရှုံးမှုတွေ ရှိနေတာဖြစ်ပါတယ်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သေဆုံးသွားသူတွေရဲ့ မိသားစုကို ငွေကျပ် တစ်သိန်းနှုန်းစီ ထောက်ပံ့နေသလို ပျက်စီးသွားတဲ့နေအိမ်တွေအတွက် ပြန်လည်ဆောက်လုပ်စရိတ် နဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့နေပါတယ်။
စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ တနင်္သာရီ၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ရှမ်း၊ ချင်း၊ ကယားနဲ့ ရခိုင် စတဲ့ တိုင်းဒေသကြီး နဲ့ ပြည်နယ် ၁၁ ခုမှာ ဧပြီလ ၂၉ ရက်နေ့ကနေစပြီး မေလ ၅ ရက်နေ့အတွင်း လေပြင်းတိုက်တာ၊ မိုးသီးကြွေတာ၊ လျှပ်စီးလက်တာနဲ့ မိုးကြိုးပစ်တာတွေ ဖြစ်နိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။