သဗ္ဗေညုပုထိုးတော် ငလျင်ကြောင့် အက်ကြောင်းတွေဖြစ်
2016.09.09
ပုဂံမြို့က သဗ္ဗေညုပုထိုးတော်ကြီးကို တွေ့ရစဉ်
ပုဂံက သဗ္ဗေညုပုထိုးတော်ကြီးဟာ ပြီးခဲ့တဲ့သြဂုတ်လ ၂၄ ရက်နေ့က ငလျင်ဒဏ်ခံခဲ့ရတဲ့အတွက် အက်ကွဲကြောင်းတွေရှိနေပြီး အန္တရာယ်ရှိတဲ့အတွက် ဘုရားဖူးသူတွေကို အပြင်ကနေသာ ဖူးခွင့်သတ်မှတ် လိုက်ပါတယ်။
ဘုရားဖူးပြည်သူတွေ အန္တရာယ်ရှိနိုင်တာမို့ အခုလိုသတ်မှတ်လိုက်တာလို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇော် က ပြောပါတယ်။
"ကျွန်တော်တို့ စက်နဲ့တိုင်းတော့ကျတော့ ဒီအက်ကွဲကြောင်းတွေ ဘယ်လောက်နက်သလဲ တိုင်းတာပေါ့၊ ကျနော်တို့ wave လွှတ်လိုက်တော့ wave က တခြားအက်ကွဲကြောင်းတွေထဲကို ဝင်သွားတော့ ပြန်ထွက် မလာဘဲနဲ့ Error ပဲပြတာပေါ့၊ စက်နဲ့တော့ လောလောဆယ်တိုင်းမရဘူး၊ ရှေးဟောင်းတို့နဲ့ ယူနက်စကို တို့နဲ့ ကျနော်တို့ တိုင်ပင်ပြီးတော့မှ ဘုရားဖူးပြည်သူတွေ အန္တရာယ်ရှိနိုင်တယ်ဆိုပြီး သတ်မှတ်ပြီးတော့ ဒီရှေ့တည့်တည့်ကပဲ ဖူးခွင့်ပေးတဲ့သဘောပါပဲ"
သဗ္ဗေညုပုထိုးတော်ကြီးမှာ အလျားလိုက်ရော ဒေါင်လိုက်ပါ အက်ကြောင်းတွေ ရှိနေတယ်လို့ ယူဆကြောင်း လည်း ပြောပါတယ်။
သဗ္ဗေညုပုထိုးတော်ကြီးကို ပြီးခဲ့တဲ့သြဂုတ်လ ၃၁ ရက်နေ့ကစပြီး ဘုရားပေါ် တက်ရောက်ခွင့်မပေးတော့တာ လည်း ဖြစ်ပါတယ်။
သြဂုတ်လ ၂၄ ရက်နေ့က ပြင်းအား ၆.၈ အဆင့်ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် ပုဂံဒေသမှာ ဘုရားစေတီပုထိုး ၄၀၀ နီးပါး ပျက်စီးသွားခဲ့ပါတယ်။ အဲ့ဒီထဲမှာ အကြီးစားပျက်စီးသွားတာက ၄၅ ဆူလောက်ရှိတယ်လို့လည်း ပြော ပါတယ်။









