ပဲခူးမြို့မှာ ဒီနေ့ နံနက်အစောပိုင်း ၅ နာရီလောက်ကတည်းက ပစ်ခတ်ဖြိုခွဲလို့ သေနတ်ကျည်ထိမှန် သေဆုံးသူ အယောက် ၆၀ ကျော်ရှိသွားပြီလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
RFA က ဒီနေ့ည ၈ နာရီမှာ ဖုန်းဆက်သွယ်ပြောခဲ့တဲ့ သပိတ်မှာပါဝင်သူ နှစ်ဦးက သေဆုံးအလောင်း ၃ လောင်းပဲ ရထားပြီး အလောင်း ၅၇ လောင်းကို စစ်တပ်က သိမ်းယူသွားတယ်လို့ ပြောပါတယ်။
သပိတ်ခေါင်းဆောင်လည်းဖြစ် လူမှုကူညီရေး အကူအညီပေးနေသူလည်းဖြစ်တဲ့ ကိုရဲထွဋ်ကလည်း သေဆုံးသူ ၆၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။
ပဲခူး၊ ဆိုရှယ်လစ် ၁၃ လမ်းထိပ်က ဇေယျာမုနိဘုရားနားမှာ သေဆုံးအလောင်းတွေ ပုံထားတာကို တွေ့ခဲ့ရတယ်လို့ မျက်မြင်ဒေသခံတစ်ဦးက ပြောပါတယ်။ အရေအတွက်ကိုတော့ မသိရဘူးလို့ဆိုပါတယ်။
အလောင်း ၅၇ လောင်းကို သယ်ဆောင်သွားတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ပြောဆိုချက်ကို RFA က မသိရသေးပါဘူး။
ညအချိန်ထိ စစ်ကောင်စီတပ်တွေ ထပ်မံပစ်ခတ်နေတာတွေရှိပြီး ဒဏ်ရာရသူတွေ များစွာရှိနေတာကြောင့် သေဆုံးသူတွေ ထပ်တိုးလာနိုင်တယ်လို့ RFA နဲ့ ဖုန်းဆက်သွယ်ပြောဆိုတဲ့ ဒေသခံတွေကပြောကြပါတယ်။
ပဲခူးမြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ မဂ္ဂတစ်၊ စံတော်တွင်း၊ မော်ကန် ရပ်ကွက် သုံးခု ဒီနေ့ဖြိုခွဲခံရတာဖြစ်ပြီး RFA က ဒေသခံတွေနဲ့ ဖုန်းပြောဆိုချိန်မှာ ပစ်ခတ်သံတွေကြားနေရဆဲဖြစ်ပါတယ်။
ဒီနေ့ ဖြိုခွဲမှုမှာ လက်နက်ကြီးတွေပါ သုံးပြီးပစ်ခတ်ဖြိုခွဲခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ ရပ်ကွက်တွေထဲ လှည့်လည်ပြီး လိုက်လံဖမ်းဆီးမှုတွေ ရှိနေပါတယ်။
လက်ရှိမှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့အပြင် ဖုန်းလိုင်းတွေလည်း ဆက်သွယ်ဖို့ ခက်နေတာကြောင့် ပဲခူးသေဆုံးသူ အတိအကျကို RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစလို့ ဒီနေ့ထိ စစ်ကောင်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၆၅၀ ကျော် ရှိသွားပါပြီ။