တောင်သူ ၂၀ နီးပါး သပိတ်စခန်းဖွင့်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် အနောက် လက္ခုပ္ပင်ကျေးရွာက တောင်သူ ၂၀ နီးပါး ဟာ သိမ်းဆည်းခံလယ်ယာမြေတွေပြန် လည်ရရှိဖို့ အသိမ်းခံထားရတဲ့ မြေတွေပေါ်မှာ မနေ့ကစပြီး သပိတ်စခန်းဖွင့် တောင်းဆိုနေပါတယ်။

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် အနောက်လက္ခုပ္ပင်ကျေးရွာက တောင်သူတွေ အသိမ်းခံထားရတဲ့ မြေတွေပေါ်မှာ မတ်လ ၁၇ ရက်နေ့က သပိတ်စခန်းဖွင့်ထားစဉ် Photo: Zaw Htun (facebook)

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် အနောက်လက္ခုပ္ပင်ကျေးရွာက တောင်သူ ၂၀ နီးပါးဟာ သိမ်းဆည်းခံလယ် ယာမြေတွေပြန်လည်ရရှိဖို့ အသိမ်းခံထားရတဲ့ မြေတွေပေါ်မှာ မနေ့ကစပြီး သပိတ်စခန်းဖွင့် တောင်းဆိုနေ ပါတယ်။

အဲဒီ မြေတွေပေါ်မှာ Delicious Food သကြားစက်ရုံက ကြံတွေဝင်စိုက်တာကို တားမြစ်ရင်း အဲဒီမြေတွေ ပြန်ရဖို့ သပိတ်စခန်းဖွင့်လိုက်တာလို့ သပိတ်စခန်းဖွင့်ရာမှာ ပါဝင်တဲ့ တောင်သူ ဦးမျိုးနိုင် က ပြောပါတယ်။

"၁၄ ရက်နေ့က ၉ မြောင်းစိုက်တယ်။ ၁၅ ရက်နေ့မှာ ၉ မြောင်းစိုက်တာနဲ့ ၁၆ ရက်နေ့မှာ မြို့နယ်ကိုသွား ပြီးတော့ တားပေးဖို့ ပြောပါတယ်ခင်ဗျ။ မြို့နယ်က သူတို့ခွင့်ပြုထားတာ မဟုတ်ပါဘူးတဲ့။ ဒါက မြေစစ်က စစ်ဆေးဆဲပါတဲ့။ ကျနော်တို့ တားပေးပါမယ်ဆိုပြီး ကျနော်တို့ကို နှစ်သိမ့်ပြီး ပြန်ခိုင်းပါတယ်ခင်ဗျ။ အဲဒါနဲ့ ညနေလည်းကျရော ၉ မြောင်းထပ်စိုက်ပါတယ်ခင်ဗျ။ ၁၄၊ ၁၅၊ ၁၆ ရက်မှာ ၂၇ မြောင်း ကြံစိုက်ပြီးသွား ပါပြီခင်ဗျ။ ၁၇ ရက်နေ့လည်းကျရော သူတို့ထွန်စက်တွေကို တားရင်းနဲ့ ကျနော်တို့ အကွက်ထဲကနေ အိမ်မပြန်ဖြစ်ဘဲ သပိတ်စခန်းဖွင့်လိုက်ပါတယ်ခင်ဗျ"

အနောက်လက္ခုပ္ပင်ကျေးရွာက တောရိုင်းမြေတွေကို တောင်သူတွေက ခုတ်ထွင်ရှင်းလင်းပြီး မြေဧက ၃၉ ဧကမှာ စိုက်ပျိုးလုပ်ကိုင်လာရာကနေ ၁၉၉၆ ခုနှစ်မှာ တပ်မတော်ကသိမ်းယူပြီး သကြားစက်အတွက် မြေနေရာချထားပေး ခဲ့တာလို့ တောင်သူတွေက ပြောပါတယ်။

အဲဒီမြေတွေကို ပြန်ရဖို့အတွက် တောင်သူတွေက အစိုးရအဆက်ဆက်မှာ စာတင်ခဲ့ပြီး အခုလက်ရှိ NLD အစိုးရလက်ထက်မှာ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီက စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးနေတဲ့ကာလအတွင်းမှာ ဘယ်သူမှ ဝင်ရောက်မလုပ်ကိုင်ဖို့ တားမြစ်ထားပေမယ့် ကုမ္ပဏီက ဝင်ရောက်ထွန်ယက်ခဲ့တာလို့လည်း သိရပါတယ်။

အဲ့ဒီမြေယာပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး Delicious Food သကြားစက်ရုံတာဝန်ရှိသူတွေနဲ့ ၂ ကြိမ်တိုင်တိုင်တွေ့ဆုံပြီး လုပ်ပိုင်ခွင့်အထောက်ထားတွေကို ပြခိုင်းခဲ့ပေမယ့် စက်ရုံဘက်က မတင်ပြနိုင်ခဲ့ဘူးလို့ ပြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်က ပြောပါတယ်။

"အဲဒီနေရာက စားကျက်မြေကို Delicious Food ကို မြို့နယ်အုပ်ချုပ်ရေးရုံးမှာ ၂ ကြိမ် ခေါ်ပြီးတွေ့ပြီးပြီ။ အဲဒီနေရာကို စားကျက်မြေမှန်းသိလားဆိုတော့ သူတို့သိတယ်။ သူတို့သိတယ်ဆိုရင် ဘယ်သူကလုပ်ပိုင် ခွင့် ပေးခဲ့တာလဲ၊ ဘယ်အချိန်တုန်းကလည်းဆိုတာ သူတို့ ကျနော်တို့ကို မဖြေနိုင်ဘူး။ နောက်တစ်ခါ ၂ ပတ်လောက်ခြားပြီး ထပ်ပြောတယ်။ ညှိနှိုင်းလို့မရဘူပေါ့နော်။ Delicious Food နဲ့။ အခုကျနော်တော် တိုင်းဒေသကြီးလွှတ်တော် သတ္တမအကြိမ် ပုံမှန်အစည်းအဝေးမှာ မေးခွန်းတင်ထားတယ်။ အဲကိစ္စနဲ့ ပတ်သက်ပြီးတော့"

ဆန္ဒပြတောင်သူတွေက အဲဒီမြေဟာ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီလက်ထဲမှာ ရှိနေတာကြောင့် သိမ်းဆည်းခံမြေတွေကို အမြန်ဆုံးပြန်လည်ပေးအပ်ဖို့၊ သိမ်းဆည်းခံမြေပေါ်မှာ သကြားစက်ရုံက ဝင်ရောက်ထွန်ယက်တာကြောင့် မြေစစ်ကော်မတီအနေနဲ့ သကြားစက်ရုံကို ထိရောက်စွာ တရားစွဲဆိုပေးဖို့ တောင်းဆိုကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org