ပဲခူးတိုင်း ဥပဒေချုပ်နဲ့ စာရင်းစစ်ချုပ် အသစ်ရွေးမည်
ပဲခူးတိုင်းဝန်ကြီးချုပ် အဆိုပြုထားတဲ့ ဥပဒေ ချုပ်နဲ့ စာရင်းစစ်ချုပ်တို့ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အရည်အချင်းတွေနဲ့ မကိုက်ညီ တာကြောင့် နောက်ထပ် ၂ ဦးကို ထပ်မံအဆိုပြု မှာဖြစ်ကြောင်း တိုင်းလွှတ်တော်က ဒီနေ့ ဆုံးဖြတ်လိုက် ပါတယ်။
-
2016-04-05 -
-
-
ပဲခူးတိုင်းဝန်ကြီးချုပ် အဆိုပြုထားတဲ့ ဥပဒေချုပ်နဲ့ စာရင်းစစ်ချုပ်တို့ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အရည်အချင်းတွေနဲ့ မကိုက်ညီတာကြောင့် နောက်ထပ် ၂ ဦးကို ထပ်မံအဆိုပြုမှာဖြစ်ကြောင်း တိုင်းလွှတ်တော်က ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
တိုင်းဒေသကြီး ဥပဒေချုပ်နဲ့ စာရင်းစစ်ချုပ်တို့ဟာ အရည်အချင်းသတ်မှတ်ချက်တွေနဲ့ မညီတဲ့အတွက် ရုပ်သိမ်းပေးဖို့ အရေးကြီးအဆို တင်သွင်းပြီး ကန့်ကွက် လိုက်တာ ဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက် က ပြောပါတယ်။
"ပထမနေ့က အတည်ပြုတဲ့အချိန်မှာတော့ ကျမတို့ကအချိန်မီ မကန့်ကွက် နိုင်ခဲ့ဘူးပေါ့နော်၊ အရည်အချင်းမပြည့်မီတာကြောင့် အရေးကြီးအဆိုကိုတင်ပြီး ကန့်ကွက်ရတာ၊ သူတို့က အပြင်ကလက်မှတ်ရတဲ့သူတွေမဟုတ်ဘူး၊ သူတို့က ဌာနဆိုင်ရာအနေနဲ့ ဥပဒေအရာရှိဆိုလည်း ဥပဒေအရာရှိ ကနေပြီး တောက်လျှောက် အဆင့်ဆင့်လုပ်ခဲ့တာပေါ့နော်၊ အပြင်လက်မှတ်ရဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ သတ်မှတ်တဲ့ဟာက သတ်သတ်စီ၊ အခုဟာက သူတို့ကဝန်ထမ်းဆိုင်ရာကနေ အဆင့်ဆင့်သွားတာဆိုတော့ သူတို့ကိုသတ်မှတ်တဲ့ဟာက ခရိုင်အဆင့် ၁ဝ နှစ်၊ တိုင်းအဆင့် ၅ နှစ်"
ပဲခူးတိုင်း ဥပဒေချုပ်အဖြစ် ဦးစိုးသိန်း နဲ့ စာရင်းစစ်ချုပ်အဖြစ် ဒေါ်မြင့်မြင့်ကြည် ကို ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း က အဆိုပြုထားတာ ဖြစ်ပါတယ်။
ဥပဒေချုပ်ဟာ ခရိုင်အဆင့် တရားရုံးမှာ လုပ်သက် ၁၀ နှစ် ရှိရမှာဖြစ်ပြီး ဦးစိုးသိန်း ဟာ သတ်မှတ်ကာလ မပြည့်သေးသလို စာရင်းစစ်ချုပ်ဟာ ခရိုင်စာရင်း စစ်ချုပ်ရုံးမှာ လုပ်သက် ၁၀နှစ် ရှိရမှာဖြစ်တာကို ဒေါ်မြင့်မြင့်ကြည်ကလည်း လုပ်သက် လိုနေတာဖြစ်ပါတယ်။
သူတို့ ၂ ဦးကို ဥပဒေပြုရေးကော်မတီက မစီစစ်လိုက်ရဘဲ အတည်ပြုခဲ့တာဖြစ်ပြီး အသစ်ခန့်မယ့် ၂ ဦးကိုတော့ စိစစ်ပြီး ဖြစ်ကာ မနက်ဖြန် လွှတ်တော်မှာ တင်ပြ သွားမယ်လို့လည်း ပြောပါတယ်။
ပဲခူးတိုင်းလွှတ်တော်မှာ ဝန်ကြီးဌာန ၇ ခုအတွက် ဝန်ကြီး ၇ ဦးနဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီး ၁ ဦးကို မနေ့က အတည်ပြုခဲ့ပြီး ဖြစ်ပေမယ့် ကျမ်းကျိန်ဖို့ ကျန်ရှိနေ ပါတယ်။